သီပေါမြို့တွင် လပြည့်နှင့် လကွယ်နေ့တိုင်း အခမဲ့ကုသပေးမည့် ဇီဝိတဒါနဆေးကုသမှုအစီအစဉ် အောက်တိုဘာလ ၅ ရက်နေ့ စတင်မည်

သီပေါမြို့တွင် လပြည့်နှင့် လကွယ်နေ့တိုင်း အခမဲ့ကုသပေးမည့် ဇီဝိတဒါနဆေးကုသမှုအစီအစဉ် အောက်တိုဘာလ ၅ ရက်နေ့ စတင်မည်
စက်တင်ဘာ 28, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ ဇာတ်စုရပ်ရှိ ဇာတ်စုဓမ္မာရုံတွင် လပြည့်နှင့် လကွယ်နေ့တိုင်း ဇီဝိတဒါန အခမဲ့ ဆေးကုသမှု အစီအစဉ်အား အောက်တိုဘာလ (၅)ရက်နေ့မှ စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဆေးရုံတက် လူနာမဟုတ်ဘဲ ပြင်ပလူနာမျိုးပေါ့။ နေထိုင် သိပ်မကောင်းဖြစ်တာမျိုး ဥပုသ်နေ့လို လာရင်းနဲ့ ဆီးချိုရှိသူက ဆီးချိုစစ်၊ သွေးတိုးရှိသူက သွေးပေါင်ချိန်စတဲ့ အဲဒီလိုလေးတွေအတွက် လာရောက် စစ်ဆေးမှု ခံယူတာမျိုးပေါ့။ ဒါက ဆရာတာဝန်ကျတဲ့မြို့တိုင်းမှာ လုပ်လေ့ရှိတဲ့ အစီအစဉ်ပါ။ ဥပုသ်နေ့တွေ ဖြစ်တဲ့ လပြည့်၊ လကွယ်နေ့တိုင်းမှာ ဇီဝိတဒါနကုသိုလ်ပြုတဲ့လုပ်ငန်းပါ။ ဆေးရုံက ဆေးကို အသုံးပြုတာလည်း မဟုတ်ဘူး။ ဆေးရုံက ဝန်ထမ်းအင်အားသုံးတာလည်း မဟုတ်ဘူး။ ဆရာဝန် တစ်ယောက်အနေနဲ့ လုပ်နိုင်တဲ့ ဒါန တစ်ခုလုပ်တာပါ။ ဒါပေမဲ့ ဆေးရုံက တာဝန်ချိန် ပြင်ပဖြစ်နေလို့ လာကူညီတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ဒီလို အစီအစဉ်လေး စတင်မယ်ဆိုတော့ မြို့ပေါ် ပရဟိတ အဖွဲ့တွေက လူအင်အား၊ လုပ်အားဒါနပူးပေါင်း ကူညီကြတာပါ”ဟု သီပေါမြို့ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာနန္ဒဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဇီဝိတဒါနကုသမှု အစီအစဉ်အတွက် သီပေါမြို့နယ်အတွင်း လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် နယ်စည်းမခြားပရဟိတအသင်းကလည်း ပူးပေါင်းကူညီမှုများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

“သီပေါမြို့နယ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေက တချို့လူနာတွေဟာ ဆေးကုသခံယူဖို့ ချို့တဲ့ကြတဲ့ အနေအထားတွေ တွေ့နေရတဲ့အတွက် အခုလိုအခမဲ့ဆေးကုသမှုပြုလုပ်ပေးဖို့ ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု သီပေါမြို့ နယ်စည်းမခြားပရဟိတအသင်းမှ ကိုမျိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ဇီဝိတဒါနအခမဲ့ဆေးကုသမှုအစီအစဉ်အား လစဉ် လပြည့်နှင့် လကွယ်နေ့တိုင်း အခမဲ့ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~






 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~