H1N1 ျဖစ္ပြားလာပါက ျပည္သူအား အသိေပးျခင္းႏွင့္ ကုသမႈအတြက္ ရွမ္းျပည္နယ္အစိုးရ က အေကာင္းဆံုး စီမံေပးရန္ ျပင္ဆင္ထား

H1N1 ျဖစ္ပြားလာပါက ျပည္သူအား အသိေပးျခင္းႏွင့္ ကုသမႈအတြက္ ရွမ္းျပည္နယ္အစိုးရ က အေကာင္းဆံုး စီမံေပးရန္ ျပင္ဆင္ထား
ဇူလိုင် 31, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း H1N1 ျဖစ္ပြားလာပါက အခ်ိန္ႏွင့္တေျပးညီ ျပည္သူမ်ားအား အသိေပးၿပီး ကုသမႈမ်ား အတြက္ အေကာင္းဆံုး စီမံခန္႔ခြဲလုပ္ေဆာင္ေပးသြားမည္ျဖစ္၍ စိုးရိမ္မႈလြန္ကဲျခင္း မရိွၾကရန္ ဇူလုိင္လ (၃၁)ရက္ေန႔တြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔က ျပည္သူမ်ားအား အသိေပးေျပာၾကားလုိက္သည္။

“ဒါက ရာသီတုပ္ေကြးပဲ ျဖစ္ပါတယ္။ ရွမ္းျပည္နယ္အတြင္းမွာ H1N1 ေရာ ၾကက္ငွက္တုပ္ေကြးေရာ ျဖစ္ပြားေနတာ မရိွေသးပါဘူး။ အကယ္၍ ျဖစ္ပြားလာခဲ့မယ္ဆိုရင္လည္း ရွမ္းျပည္နယ္အစိုးရအေနနဲ႔ သီးျခားစီ လူစုခြဲၿပီး ကုသတာမ်ိဳးလုပ္သြားမယ္။ သတင္းမွန္ကိုလည္း တိက်စြာနဲ႔ ထုတ္ေပးသြားမွာျဖစ္တယ္။ အစုိးရအေနနဲ႔ အေကာငး္ဆံုး ေဆာင္ရြက္သြားပါမယ္။ ေနာက္တစ္ခုကေတာ့ ျပည္သူေတြ သိပ္ၿပီးေတာ့ အလန္႔တၾကား မျဖစ္ဘဲနဲ႔ က်န္းမာေရးဌာနက ထုတ္ျပန္ထားတဲ့ လမ္းညႊန္ခ်က္ပါ ကာကြယ္ႏုိင္တဲ့ နည္းလမ္းမ်ားအတုိင္း လိုက္နာေဆာင္ရြက္ၾကဖို႔ တိုက္တြန္းခ်င္ပါတယ္။ အကယ္၍ ျဖစ္လာရင္လည္း ရွမ္းျပည္နယ္အစိုးရအေနနဲ႔ အေကာင္းဆံုး ေဆာင္ရြက္ေပးသြားမွာျဖစ္ပါတယ္ လို႔ အသိေပးလိုပါတယ္”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႔ စီမံကိန္းႏွင့္စီးပြားေရးဝန္ႀကီး ဦးစိုးညြန္႔လြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇူလိုင္လ(၃၁)ရက္ေန႔ ညေနပိုင္းက ေျပာသည္။

ရာသီတုပ္ေကြးႏွင့္ ပတ္သက္၍ ကာကြယ္မႈမ်ားႏွင့္ လုပ္ေဆာင္ရန္ လမ္းညႊန္ခ်က္မ်ားအား ျပည္နယ္ က်န္းမာေရးႏွင့္ ကုသေရးဌာနမ်ားသို႔ အသိေပးညႊန္ၾကားထားၿပီး ဇူလိုင္လ (၃၁)ရက္ေန႔တြင္လည္း ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ အမ်ားျပည္သူအား အသိေပးလႈံ႕ေဆာ္မႈကို ျပည္နယ္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား ပါဝင္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“တစ္ႏုိင္ငံလံုး အတုိင္းအတာနဲ႔ က်န္းမာေရးနဲ႔ ကုသေရးဌာနေတြမွာ လမ္းညႊန္အသိေပးမႈေတြ လုပ္ေဆာင္ထားၿပီးျဖစ္ပါတယ္။ ကာကြယ္မႈနဲ႔ပတ္သက္လို႔ အသိေပးလႈံ႕ေဆာ္မႈကို လူထုအေနနဲ႔ ပိုၿပီးအာရံုစိုက္လာေစဖို႔ ကၽြန္ေတာ္တုိ႔က ျပည္နယ္အစိုးရအေနနဲ႔ ဒီေန႔လုပ္ေဆာင္မႈကို ေဆာင္ရြက္တာေပါ့။ ႀကိဳတင္ကာကြယ္ျခင္းက အေကာင္းဆံုး ကုသနည္းျဖစ္တယ္ဆိုတာရယ္ Mask ေတြ၊ လက္ေဆးဆပ္ျပာေတြ၊ လက္ကမ္းစာေစာင္ေတြ ေဝပါတယ္။ လူထုအေနနဲ႔ တအားႀကီး ေၾကာက္လန္႔ေနမွာလည္း စိုးရိမ္ပါတယ္”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႔ စီမံကိန္းႏွင့္စီးပြားေရးဝန္ႀကီး ဦးစိုးညြန္႔လြင္က ေျပာသည္။

ရွမ္းျပည္နယ္အတြင္း ေဝးလံေခါင္ဖ်ား ေဒသမ်ား အပါအဝင္ စစ္ေဘးေရွာင္စခန္းကဲ့သို႔ လူအမ်ားစု၍ ေနထုိင္ရာ ေနရာမ်ားတြင္ ျပင္းထန္ရာသီတုပ္ေကြးဟု သံသယရိွပါက နီးစပ္ရာ ေဆးရံုေဆးခန္းသို႔ ဆက္သြယ္၍ ရွမ္းျပည္နယ္အစိုးရထံ သတင္းခ်က္ခ်င္း ေပးပို႔ႏုိင္ရန္လည္း ညႊန္ၾကား ေဆာင္ရြက္ထားေၾကာင္း ျပည္နယ္အစိုးရအဖြဲ႕ထံမွ သိရသည္။

“ဌာနေတြအေနနဲ႔ စားသံုးသူေရးရာဦးစီးဌာန၊ အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာန၊ က်န္းမာေရးဌာန ေတြလည္း ပါဝင္ပါတယ္။ အဓိကကေတာ့ ျပည္နယ္အစိုးရအဖြဲ႕အေနနဲ႔ တုပ္ေကြးေရာဂါဆိုင္ရာ အသိပညာေပး လူထုလံႈ႔ေဆာ္မႈမွာ ကၽြန္ေတာ္တို႔ဌာနေတြနဲ႔ အလွဴရွင္ေတြ ပူးေပါင္းပါဝင္ၾကတာပါ”ဟု ရွမ္းျပည္နယ္ စားသံုးသူေရးရာဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္မ်ားျဖစ္သည့္ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစိုးညြန္႔လြင္၊ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလံုေက်ာ္ဦး၊ ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားႏွင့္ အလွဴရွင္မ်ားပါဝင္ၿပီး Mask၊ ဆပ္ျပာႏွင့္ တုပ္ေကြးေရာဂါဆိုင္ရာ အသိပညာေပး လက္ကမ္းစာေစာင္မ်ားအား ေတာင္ႀကီးတကၠသိုလ္၊ ေတာင္ႀကီးၿမိဳ႕မေစ်းႏွင့္ စဝ္စံထြန္းေစ်းတို႔တြင္ ေဝငွၿပီး အသိပညာေပးလႈံ႕ေဆာ္မႈမ်ားလုပ္ေဆာင္ၾကေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓာတ္ပံု - UMA


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း H1N1 ဖြစ်ပွားလာပါက အချိန်နှင့်တပြေးညီ ပြည်သူများအား အသိပေးပြီး ကုသမှုများ အတွက် အကောင်းဆုံး စီမံခန့်ခွဲလုပ်ဆောင်ပေးသွားမည်ဖြစ်၍ စိုးရိမ်မှုလွန်ကဲခြင်း မရှိကြရန် ဇူလိုင်လ (၃၁)ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြည်သူများအား အသိပေးပြောကြားလိုက်သည်။

“ဒါက ရာသီတုပ်ကွေးပဲ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ H1N1 ရော ကြက်ငှက်တုပ်ကွေးရော ဖြစ်ပွားနေတာ မရှိသေးပါဘူး။ အကယ်၍ ဖြစ်ပွားလာခဲ့မယ်ဆိုရင်လည်း ရှမ်းပြည်နယ်အစိုးရအနေနဲ့ သီးခြားစီ လူစုခွဲပြီး ကုသတာမျိုးလုပ်သွားမယ်။ သတင်းမှန်ကိုလည်း တိကျစွာနဲ့ ထုတ်ပေးသွားမှာဖြစ်တယ်။ အစိုးရအနေနဲ့ အကောငး်ဆုံး ဆောင်ရွက်သွားပါမယ်။ နောက်တစ်ခုကတော့ ပြည်သူတွေ သိပ်ပြီးတော့ အလန့်တကြား မဖြစ်ဘဲနဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်ပါ ကာကွယ်နိုင်တဲ့ နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အကယ်၍ ဖြစ်လာရင်လည်း ရှမ်းပြည်နယ်အစိုးရအနေနဲ့ အကောင်းဆုံး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ် လို့ အသိပေးလိုပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၃၁)ရက်နေ့ ညနေပိုင်းက ပြောသည်။

ရာသီတုပ်ကွေးနှင့် ပတ်သက်၍ ကာကွယ်မှုများနှင့် လုပ်ဆောင်ရန် လမ်းညွှန်ချက်များအား ပြည်နယ် ကျန်းမာရေးနှင့် ကုသရေးဌာနများသို့ အသိပေးညွှန်ကြားထားပြီး ဇူလိုင်လ (၃၁)ရက်နေ့တွင်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် အများပြည်သူအား အသိပေးလှုံ့ဆော်မှုကို ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပါဝင်လုပ်ဆောင်နေကြောင်း သိရသည်။

“တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျန်းမာရေးနဲ့ ကုသရေးဌာနတွေမှာ လမ်းညွှန်အသိပေးမှုတွေ လုပ်ဆောင်ထားပြီးဖြစ်ပါတယ်။ ကာကွယ်မှုနဲ့ပတ်သက်လို့ အသိပေးလှုံ့ဆော်မှုကို လူထုအနေနဲ့ ပိုပြီးအာရုံစိုက်လာစေဖို့ ကျွန်တော်တို့က ပြည်နယ်အစိုးရအနေနဲ့ ဒီနေ့လုပ်ဆောင်မှုကို ဆောင်ရွက်တာပေါ့။ ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံး ကုသနည်းဖြစ်တယ်ဆိုတာရယ် Mask တွေ၊ လက်ဆေးဆပ်ပြာတွေ၊ လက်ကမ်းစာစောင်တွေ ဝေပါတယ်။ လူထုအနေနဲ့ တအားကြီး ကြောက်လန့်နေမှာလည်း စိုးရိမ်ပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

ရှမ်းပြည်နယ်အတွင်း ဝေးလံခေါင်ဖျား ဒေသများ အပါအဝင် စစ်ဘေးရှောင်စခန်းကဲ့သို့ လူအများစု၍ နေထိုင်ရာ နေရာများတွင် ပြင်းထန်ရာသီတုပ်ကွေးဟု သံသယရှိပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို့ ဆက်သွယ်၍ ရှမ်းပြည်နယ်အစိုးရထံ သတင်းချက်ချင်း ပေးပို့နိုင်ရန်လည်း ညွှန်ကြား ဆောင်ရွက်ထားကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

“ဌာနတွေအနေနဲ့ စားသုံးသူရေးရာဦးစီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျန်းမာရေးဌာန တွေလည်း ပါဝင်ပါတယ်။ အဓိကကတော့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေး လူထုလှုံ့ဆော်မှုမှာ ကျွန်တော်တို့ဌာနတွေနဲ့ အလှူရှင်တွေ ပူးပေါင်းပါဝင်ကြတာပါ”ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များဖြစ်သည့် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်ဦး၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များပါဝင်ပြီး Mask၊ ဆပ်ပြာနှင့် တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား တောင်ကြီးတက္ကသိုလ်၊ တောင်ကြီးမြို့မဈေးနှင့် စဝ်စံထွန်းဈေးတို့တွင် ဝေငှပြီး အသိပညာပေးလှုံ့ဆော်မှုများလုပ်ဆောင်ကြကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - UMA 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~