မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန မီးသတ်ပစ္စည်းများ ထပ်မံဖြည့်စွက်ရန် ဝန်ကြီးချုပ် တိုက်တွန်း

မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန မီးသတ်ပစ္စည်းများ ထပ်မံဖြည့်စွက်ရန် ဝန်ကြီးချုပ် တိုက်တွန်း
မေ 5, 2017
By Tachileik News Agency

မကွေးတိုင်းဒေသကြီး၏ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားတက်ရောက်လာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးသတ်ပစ္စည်းများ ဖြည့်စွက်ဝယ်ယူရေးအတွက် ဆွေးနွေးသွားကြောင်း သိရသည်။

(၇၁)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား အား မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၀န်း အတွင်း၌ မေလ (၅) ရက်နေ့ နံနက်(၈)နာရီအချိန်က ကျင်းပခဲ့ရာ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ စွမ်းရည်ပြပွဲ လာရောက် ကြည့်ရှုသည့် ပြည်သူများ စုစုပေါင်း အင်အား(၅၀၀)ခန့် တက်ရောက်ခဲ့ကြပြီး မီးသတ် ပစ္စည်းများ ပြသရာသို့ အစိုးရအဖွဲ့မှ လိုက်လံကြည့်ရှုကာ ယင်းသို့အကြံပြု တိုက်တွန်းခြင်းဖြစ်ကြောင်း သိရသည်။

“မီးသတ်သမားတစ်ယောက်ရဲ့နှလုံးအိမ်မှာ ရန်သူ၊မိတ်ဆွေမရှိဘဲ ဘေးဒုက္ခအန္တရယ်နှင့်ရင်ဆိုင် ကြုံတွေ့နေရသူတိုင်းကို မိမိတို့ရဲ့အသက်ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင်ရတာကြောင့် မွန်မြတ်တဲ့နှလုံးသားပိုင်ရှင် တပ်ဖွဲ့ ၀င်များဖြစ်တယ် ” ဟု မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ဂုဏ်ပြုပြောကြားသည်။

အခမ်းအနားတွင် ဆီမှ မီးလောင်မှုကို ကာဗွန်ဒိုင်အောက်ဆိုဒ်မီးသတ်ဆေးဘူး ၊ Dry Chemical Powder မီးသတ်ဆေးဘူးများ ၊Fire Blanket အသုံးပြု၍ မီးငြှိမ်းသတ်ခြင်း ၊ ဂတ်စ်အိုးမီးလောင်မှုကို 3D Fog Nozzel အသုံးပြု၍မီးငြှိမ်းသတ်ခြင်း ၊ ဆီမှမီးလောင်မှုကို High Expansion Foam Generator အသုံးပြု၍ မီးငြှိမ်းသတ်ခြင်း ၊ ဆီဘောက်ဆာမီးလောင်မှုကို ငြှိမ်းသတ်ခြင်း စသည့်မီးသတ်စွမ်းရည်များ အပြင် Rescue Air Cushion နှင့် Hydraulic Rescue Tools များ အသုံးပြု၍ ကယ်ဆယ်ရေး စွမ်းရည်များပြသခြင်း ၊ အထပ်မြင့်အဆောက်အဦများတွင် မီးလောင်မှုဖြစ်ပွားပါက ငြှိမ်းသတ်သည့် High Pressure Pump စွမ်းရည်သရုပ်ပြခြင်းများ ပါဝင်ပြသခဲ့သည်။

ထို့နောက် ၀န်ကြီးချုပ်က စွမ်းရည်သရုပ်ပြအဖွဲ့အား ငွေကျပ်သုံးသိန်း ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီးက စစ်တီးဝိုင်းအဖွဲ့အား ငွေကျပ်တစ်သိန်း ချီးမြှင့်ပေးအပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးတွင် ၂၀၀၇ခုနှစ်မှ ၂၀၁၆ခုနှစ်ထိ ဆယ်နှစ်တာကာလအတွင်း မီးလောင်သည့် အကြိမ်ရေ (၉၉၅)ကြိမ်ဖြစ်ပွားခဲ့ပြီး မီးဘေးသင့်ပြည်သူ(၂၀၁၁၆)ဦး ၊ သေဆုံးသူ ၁၃၉ဦး ၊ ဒဏ်ရာရသူ ၁၈၅ဦး ၊သေဆုံးတိရစ္ဆာန် (၁၀၈၆)ကောင် နှင့် ဆုံးရှုံးမှုတန်ဖိုး ကျပ် သိန်းပေါင်း(၁၄၄၃၉)သိန်းကျော် ရှိခဲ့ကြောင်းမကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ သိရသည်။

သတင်း - ဖီးနစ်


 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~