ရွမ္း/ေျမာက္ေျပာင္းေစ်း ဧၿပီလအတြင္း ေစ်းႏႈန္းတက္လာေသာ္လည္း ယခင္ႏွစ္ေစ်းထက္နိမ့္ေနဆဲ

ရွမ္း/ေျမာက္ေျပာင္းေစ်း ဧၿပီလအတြင္း ေစ်းႏႈန္းတက္လာေသာ္လည္း ယခင္ႏွစ္ေစ်းထက္နိမ့္ေနဆဲ
ဧပြီ 11, 2017
By Tachileik News Agency

တရုတ္မွ မၾကာခဏ အဝယ္ရပ္သျဖင့္ အက်ေစ်းျဖင့္ ၿငိမ္ေနသည့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွ ေျပာင္းေစ်းမွာ ဧၿပီလအတြင္း ေစ်းႏႈန္းတက္လာသည္ဆိုေသာ္လည္း ယခင္ႏွစ္ေစ်းထက္ နိမ့္ေနဆဲျဖစ္ေၾကာင္း သိရသည္။

“လတ္တေလာ အေရာင္းအဝယ္ကေတာ့ ေကာင္းပါတယ္။ တရုတ္ျပည္မွာ အဖမ္းအဆီးရွိတဲ့ အခ်ိန္ေလာက္ပဲ အဝယ္ရပ္တာေတြ ရွိတတ္တယ္။ ဒါေပမယ့္ ရပ္သြားလည္း တစ္ရက္ႏွစ္ရက္ပါပဲ။ လားရိႈးနဲ႔ အနီးတစ္ဝိုက္က ေက်းရြာေတြကေတာ့ လားရိႈးမွာစုၿပီး တက္ၾကတာမ်ားတယ္။ ေက်ာက္မဲ၊ သီေပါ၊ ေနာင္ခ်ိဳ ေဒသေတြကေတာ့ မူဆယ္အထိ တိုက္ရိုက္တက္တာမ်ားတယ္။ ေျပာင္းရာသီကုန္ခါနီး ေစ်းျပန္တက္လာတယ္ ဆိုေပမယ့္ အရင္ႏွစ္ ေတြနဲ႔ယွဥ္ရင္ေတာ့ ဒီႏွစ္က ေစ်းမေကာင္းဘူး”ဟု ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕မွ ေျပာင္းကုန္သည္ တစ္ဦးျဖစ္သူ ဦးစိုင္းခင္ေမာင္က ေျပာသည္။

၂၀၁၆ ခုႏွစ္အတြင္း ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေျပာင္းေစ်းကြက္မွာ တရုတ္က မၾကာခဏ အဝယ္ ရပ္တန္႔ျခင္းေၾကာင့္ ေျပာင္းဆံေစ်းႏႈန္းမ်ားမွာ တစ္ပိႆာလွ်င္ က်ပ္(၂၉၀)မွ (၃၀၀) ဝန္းက်င္သာ ေစ်းရိွခဲ့ၿပီး ၂၀၁၇ ခုႏွစ္ မတ္လဝန္းက်င္မွစ၍ တစ္ပိႆာလ်ွင္ (၃၂၅)က်ပ္မွ က်ပ္(၃၃၀)ဝန္းက်င္ထိ ေစ်းျမင့္လာျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီအခ်ိန္က ေတာင္သူေတြလက္ထဲမွာ သိပ္မရွိၾကေတာ့ဘူး။ ေလွာင္ထားတဲ့ကုန္သည္ေတြဆီမွာပဲ ေျပာင္းက ရွိေတာ့တယ္။ ထုတ္ကုန္နည္းသြားတဲ့အတြက္ တရုတ္ကလည္း အရင္ကာလလို ေစ်းႏွိမ္လို႔ သိပ္မရေတာ့ဘူး။ ဒါေၾကာင့္ ေျပာင္းေစ်းျပန္တက္လာတာ။ ေျပာင္းကေတာ့ အမ်ားအားျဖင့္ တရုတ္ကိုပဲသြားတာဆိုေတာ့ သူတို႔ ဝယ္တဲ့အေနအထားေပၚမူတည္ၿပီးေတာ့ ေစ်းကအတက္အက်ျဖစ္တာ”ဟု ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ စိန္ပြဲရံုမွ ေျပာင္းကုန္သည္တစ္ဦးျဖစ္သည့္ ေဒၚရီရီက ေျပာသည္။

တရုတ္ႏိုင္ငံဘက္တြင္ အဖမ္းအဆီးမ်ားသည့္ကာလအတြင္း ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေျပာင္းေစ်းကြက္မွာ ေစ်းႏႈန္းဆက္တုိက္ က်ဆင္းခဲ့ျခင္းျဖစ္သည္။

“ေစ်းက်ခဲ့တုန္းကလည္း လံုးဝႀကီးအေရာင္း အဝယ္ရပ္လိုက္ရတာမ်ိဳးေတာ့ မရွိပါဘူး။ တခ်ိဳ႕ကလည္း ရတဲ့ေစ်းနဲ႔ပဲ ေရာင္းၾကတယ္။ ဒီအခ်ိန္ကေတာ့ ပစၥည္းရွားတဲ့ကာလဆိုေတာ့ ကုန္သည္ေတြကလည္း ေစ်းႏႈန္းထိန္းၾကတာေပ့ါ။ အဓိကကေတာ့ အရည္အေသြးေကာင္းေကာင္းထုတ္ႏိုင္ဖို႔ပဲ။ ဒါေပမယ့္ ရွမ္းျပည္မွာကလည္း ေျပာင္း ေစ်းေကာင္းတယ္ဆို ေျပာင္းပဲဝိုင္းစိုက္ၾကတာဆိုေတာ့ ပစၥည္းေပါေပါ ထြက္တဲ့အခါ တရုတ္ဝယ္လက္ကေစ်းႏွိမ္တယ္ေလ။ လိုအပ္ခ်က္ေတြကေတာ့ အမ်ားႀကီးပါပဲ။ စိုက္ပ်ိဳးစနစ္၊ ရိတ္သိမ္းစနစ္၊ ပစၥည္းသိုေလွာင္စနစ္ စတာေတြကို အဆင့္မီမီစနစ္တက်လုပ္မယ္ဆိုရင္ေတာ့ အရည္အေသြးျမင့္လာမယ္လို႔ ထင္ပါတယ္ “ဟု ေျပာင္းကုန္သည္တစ္ဦးျဖစ္သူ ကိုစိုင္းေထြး က ေျပာသည္။

တရုတ္ႏွစ္သစ္ကူးေနာက္ပိုင္းတြင္ တရုတ္ဝယ္လက္ အဝယ္ျပန္လုိက္လာသည့္အတြက္ ေျပာင္းဆံေစ်းႏႈန္း တျဖည္းျဖည္း ျပန္တက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်း/မြောက်ပြောင်းဈေး ဧပြီလအတွင်း ဈေးနှုန်းတက်လာသော်လည်း ယခင်နှစ်ဈေးထက်နိမ့်နေဆဲ

တရုတ်မှ မကြာခဏ အဝယ်ရပ်သဖြင့် အကျဈေးဖြင့် ငြိမ်နေသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ပြောင်းဈေးမှာ ဧပြီလအတွင်း ဈေးနှုန်းတက်လာသည်ဆိုသော်လည်း ယခင်နှစ်ဈေးထက် နိမ့်နေဆဲဖြစ်ကြောင်း သိရသည်။

“လတ်တလော အရောင်းအဝယ်ကတော့ ကောင်းပါတယ်။ တရုတ်ပြည်မှာ အဖမ်းအဆီးရှိတဲ့ အချိန်လောက်ပဲ အဝယ်ရပ်တာတွေ ရှိတတ်တယ်။ ဒါပေမယ့် ရပ်သွားလည်း တစ်ရက်နှစ်ရက်ပါပဲ။ လားရှိုးနဲ့ အနီးတစ်ဝိုက်က ကျေးရွာတွေကတော့ လားရှိုးမှာစုပြီး တက်ကြတာများတယ်။ ကျောက်မဲ၊ သီပေါ၊ နောင်ချို ဒေသတွေကတော့ မူဆယ်အထိ တိုက်ရိုက်တက်တာများတယ်။ ပြောင်းရာသီကုန်ခါနီး ဈေးပြန်တက်လာတယ် ဆိုပေမယ့် အရင်နှစ် တွေနဲ့ယှဉ်ရင်တော့ ဒီနှစ်က ဈေးမကောင်းဘူး”ဟု ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့မှ ပြောင်းကုန်သည် တစ်ဦးဖြစ်သူ ဦးစိုင်းခင်မောင်က ပြောသည်။

၂၀၁၆ ခုနှစ်အတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)ပြောင်းဈေးကွက်မှာ တရုတ်က မကြာခဏ အဝယ် ရပ်တန့်ခြင်းကြောင့် ပြောင်းဆံဈေးနှုန်းများမှာ တစ်ပိဿါလျှင် ကျပ်(၂၉၀)မှ (၃၀၀) ဝန်းကျင်သာ ဈေးရှိခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လဝန်းကျင်မှစ၍ တစ်ပိဿါလျှင် (၃၂၅)ကျပ်မှ ကျပ်(၃၃၀)ဝန်းကျင်ထိ ဈေးမြင့်လာခြင်းဖြစ်ကြောင်း သိရသည်။

“ဒီအချိန်က တောင်သူတွေလက်ထဲမှာ သိပ်မရှိကြတော့ဘူး။ လှောင်ထားတဲ့ကုန်သည်တွေဆီမှာပဲ ပြောင်းက ရှိတော့တယ်။ ထုတ်ကုန်နည်းသွားတဲ့အတွက် တရုတ်ကလည်း အရင်ကာလလို ဈေးနှိမ်လို့ သိပ်မရတော့ဘူး။ ဒါကြောင့် ပြောင်းဈေးပြန်တက်လာတာ။ ပြောင်းကတော့ အများအားဖြင့် တရုတ်ကိုပဲသွားတာဆိုတော့ သူတို့ ဝယ်တဲ့အနေအထားပေါ်မူတည်ပြီးတော့ ဈေးကအတက်အကျဖြစ်တာ”ဟု ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ စိန်ပွဲရုံမှ ပြောင်းကုန်သည်တစ်ဦးဖြစ်သည့် ဒေါ်ရီရီက ပြောသည်။

တရုတ်နိုင်ငံဘက်တွင် အဖမ်းအဆီးများသည့်ကာလအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြောင်းဈေးကွက်မှာ ဈေးနှုန်းဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်သည်။

“ဈေးကျခဲ့တုန်းကလည်း လုံးဝကြီးအရောင်း အဝယ်ရပ်လိုက်ရတာမျိုးတော့ မရှိပါဘူး။ တချို့ကလည်း ရတဲ့ဈေးနဲ့ပဲ ရောင်းကြတယ်။ ဒီအချိန်ကတော့ ပစ္စည်းရှားတဲ့ကာလဆိုတော့ ကုန်သည်တွေကလည်း ဈေးနှုန်းထိန်းကြတာပေါ့။ အဓိကကတော့ အရည်အသွေးကောင်းကောင်းထုတ်နိုင်ဖို့ပဲ။ ဒါပေမယ့် ရှမ်းပြည်မှာကလည်း ပြောင်း ဈေးကောင်းတယ်ဆို ပြောင်းပဲဝိုင်းစိုက်ကြတာဆိုတော့ ပစ္စည်းပေါပေါ ထွက်တဲ့အခါ တရုတ်ဝယ်လက်ကဈေးနှိမ်တယ်လေ။ လိုအပ်ချက်တွေကတော့ အများကြီးပါပဲ။ စိုက်ပျိုးစနစ်၊ ရိတ်သိမ်းစနစ်၊ ပစ္စည်းသိုလှောင်စနစ် စတာတွေကို အဆင့်မီမီစနစ်တကျလုပ်မယ်ဆိုရင်တော့ အရည်အသွေးမြင့်လာမယ်လို့ ထင်ပါတယ် “ဟု ပြောင်းကုန်သည်တစ်ဦးဖြစ်သူ ကိုစိုင်းထွေး က ပြောသည်။

တရုတ်နှစ်သစ်ကူးနောက်ပိုင်းတွင် တရုတ်ဝယ်လက် အဝယ်ပြန်လိုက်လာသည့်အတွက် ပြောင်းဆံဈေးနှုန်း တဖြည်းဖြည်း ပြန်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~