အခြားဂိတ်များထက် ဖြတ်သန်းခများနေသည့် တာချီလိတ်ရှိ စက်မှုဇုန် ၀မ်ပုံဖြတ်လမ်း(ဦးထွန်းအောင်)ဂိတ် နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များမှ တွေ့ဆုံညှိနှိုင်း

အခြားဂိတ်များထက် ဖြတ်သန်းခများနေသည့် တာချီလိတ်ရှိ စက်မှုဇုန် ၀မ်ပုံဖြတ်လမ်း(ဦးထွန်းအောင်)ဂိတ် နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များမှ တွေ့ဆုံညှိနှိုင်း
ဇူလိုင် 15, 2016
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စုလမ်းပေါ်ရှိ စက်မှုဇုန် ၀မ်ပုံဖြတ်လမ်း ( ဦးထွန်းအောင်ဂိတ် )မှာ နိုင်ငံတော်အား အခွန်ငွေပေးဆောင်ရန် မလိုသော်လည်း ဒေသတွင်း အခြားလမ်းကြေး ကောက်ခံသည့် ဂိတ်များထက် ဂိတ်ကြေးကောက်ခံမှု အများဆုံးဖြစ်နေသည့် ကိစ္စနှင့် ပတ်သက်၍ ဇူလိုင်လ(၁၄)ရက်နေ့က တာချီလိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လွှတ်တော် ကိုယ်စားလှယ်များ နှင့် ဂိတ်တာဝန်ရှိသူ ဦးထွန်းအောင် အပါအ၀င် ပြည်သူများနှင့်တွေ့ဆုံကာ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ညှိနှိုင်းတွေ့ဆုံရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်း နှင့် ဂိတ်အသုံးပြုသူ ကျေးရွာသူ၊ ရွာသားများ ဒေသခံများမှ စက်မှုဇုန် ၀မ်ပုံဖြတ်လမ်း ( ဦးထွန်းအောင်ဂိတ် )မှ တာဝန်ရှိသူ ဦးထွန်းအောင်နှင့် တွေ့ဆုံကာ လမ်းဖြတ် ကြေးနှုန်းများကို လျှော့ပေးရေးအတွက် ညှိနှိုင်းခဲ့ကြခြင်း ဖြစ်သည်။

ညှိနှိုင်းဆွေးနွေးမှုတွင် အဆိုပါ ဂိတ်အား ဖြတ်သန်းသွားလာသူများသည် ဂိတ်အား တစ်ခေါက်ဖြတ်သန်းပါက တစ်ခါပေးနေရကြောင်း၊ ၎င်းတို့အနေဖြင့် တစ်ရက် (၅)ခါထက် မနည်း ဖြတ်သန်းသွားလာရသည့် ရက်များလည်းရှိကြောင်း၊ ထို့အတွက် ဖြတ်သန်းခ တစ်ခါပေးဆောင်ပြီးပါက တစ်နေကုန် ကန့်သတ်ချက်မရှိ ဖြတ်သန်းသွားလာခွင့်ရလိုကြောင်း နှင့် ဖြတ်သန်းခများ လျှော့ပေါ့ ပေးစေလိုကြောင်းကို မိုင်းဖုန်း(က/ခ)ကျေးရွာအုပ်စုအတွင်းနေ တိုင်းရင်းသားပြည်သူများက တင်ပြခဲ့ကြသည်။

"ကျွန်တော်သာ ဒီလမ်းကို မလုပ်ထားရင် ခင်ဗျားတို့ ဖြစ်သလို လမ်းလျှောက်သွားရမှာပဲ၊ ဆယ်ခါ၊ အခါနှစ်ဆယ်သွားလဲ အကျိုးရှိမှ သွားလိမ့်မယ်၊ ကျွန်တော်တို့က ဒီလမ်းလုပ်ပြီးမှ အခွင့်အရေး ဘာညာ ယူတာမဟုတ်ဘူး၊ ကျွန်တော်ဒီလမ်းကို ဖောက်ထားလို့ အခုရွာသားတွေ သွားနေရတာ။ ကျွန်တော် မဖောက်ထားရင် သူတို့ သွားလို့မရဘူး။ ကျွန်တော်လည်း ဒီလမ်းကို ငွေကြေးအကုန်အကျ အများကြီးခံပြီး လုပ်ထားတာ။ ဒီလမ်းဖောက်လို့ နိုင်ငံတော်က တခြား စီမံကိန်းချပေးထားတာမရှိဘူး။"ဟု ပုဂ္ဂလိက လုပ်ငန်းရှင် ဦးထွန်းအောင်က တွေ့ဆုံပွဲသို့ တက်ရောက်လာသူများကို ရှင်းလင်းပြောကြားသည်။

ညှိနှိုင်းဆွေးနွေးမှုများ အပြီးတွင် အဆိုပါ ဂိတ်မှ ဖြတ်သန်းခများအား လျှော့ပေါ့ပေးမှု အနေဖြင့် တစ်ခါဖြတ်သန်းလျှင် မော်တော်ဆိုင်ကယ် တစ်စီးလျှင် (၂၀)ဘတ် ကောက်ခံနေရာမှ (၁၀)ဘတ်သာ ကောက်ခံတော့မှာ ဖြစ်ပြီး၊ မော်တော်ကားများအား ယခင်သတ်မှတ်ဈေးနှုန်းအတိုင်းသာ ဆက်လက် ကောက်ခံမှာ ဖြစ်ကြောင်းနှင့် အဆိုပါ ဂိတ်မှ ၀န်ထမ်းများ ဖြတ်သန်းသွားလာမှုအပေါ် ယခင်က ကောက်ခံခဲ့ခြင်း မရှိရာမှ ယခုအခါတွင် မည်သည့်ဝန်ထမ်းမဆို ကောက်ခံသွားမှာ ဖြစ်ကြောင်း အသိပေးပြောကြားသွားသည်။

အခုအခါမှာ အဆိုပါဂိတ်တွင် ထိုင်းဘတ်ငွေဖြင့် ဆိုင်ကယ်တစ်စီးလျှင် (၁၀)ဘတ်၊ အိမ်စီးမော်တော်ယာဉ် တစ်စီးလျှင် (၅၀)ဘတ်၊ ကုန်ပါမော်တော်ယာဉ်တစ်စီးလျှင် (၁၀၀)ဘတ်နှင့် ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။

"ဒီရက်ပိုင်းမှာ တာချီလိတ်ကို ၀န်ကြီးချုပ်လာမယ်လို့ သိရပါတယ်၊ အဲ့ဒီအခါမှာ တင်ပြဖို့ ကြိုးစားသွားမယ်၊ ပေးလာရတဲ့ နှစ်ပေါင်းကလည်း မနည်းတော့ဘူး၊ ဂိတ်ဖျက်ဖို့အတွက်မဟုတ်ဘူး၊ လျော့ပေါ့ပေးဖို့ပေါ့၊ တစ်ခါသွား တစ်ခါပေးဆိုတာက တကယ်ကို မလွယ်လို့ပါ၊ ဈေးရောင်းစားရတဲ့သူတွေအတွက် တကယ်အခက်အခဲတွေရှိနေပါတယ်"ဟု အဆိုပါ ဂိတ်မှ နေ့စဉ်ဖြတ်သန်းသွားနေရသူ ကိုစိုင်းမွန်းက ပြောသည်။

အခြားဂိတ်များဖြစ်သည့်  မြန်မာဧရာမွန်ကုမ္ပဏီမှ ကောက်ခံသည့် ဂိတ်ကြေးမှာ မော်တော်ဆိုင်ကယ်(၁)စီးလျှင် (၅)ဘတ်နှင့် မော်တော်ကားတစ်စီးလျှင် ဘတ်(၂၀)သာ ကောက်ခံသဖြင့် ဦးထွန်းအောင်ဂိတ်မှ ဂိတ်ကြေးမှာ (၄၂.၆၉)ရာခိုင်နှုန်း ပိုမိုမြင့်မားနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဂိတ်မှာ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် ရွှေတြိဂံတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် ဒေသဖွံ့ဖြိုးရေး စီမံချက်ဖြင့် ဦးထွန်းအောင်အား အရှည်(၂)မိုင် (၂)ဖာလုံရှိသည့် လမ်းပိုင်းကို ဖောက်လုပ်ခွင့်နှင့် အဆိုပါ လမ်းပိုင်းမှ ဖြတ်သန်းသည့် မော်တော်ယာဉ်များအား ငွေကြေးကောက်ခံခွင့်ကို နှစ်ပေါင်း(၂၀) ပေးခဲ့ခြင်းဖြစ်ကြောင်း နှင့် အဆိုပါ ဂိတ်၏ လုပ်ကိုင်ခွင့်သည် ၂၀၁၉ ခုနှစ် မတ်လ(၁)ရက်နေ့အထိ ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~