တာချီလိတ်၌ စည်းကမ်း မလိုက်နာသည့် မော်တော်ဆိုင်ကယ်များအား အရှိန်ဟုန်တိုးမြှင့်ကာ စစ်ဆေးအရေးယူ

တာချီလိတ်၌ စည်းကမ်း မလိုက်နာသည့် မော်တော်ဆိုင်ကယ်များအား အရှိန်ဟုန်တိုးမြှင့်ကာ စစ်ဆေးအရေးယူ
ဇန်နဝါရီ 8, 2016
By Tachileik News Agency

တာချီလိတ်မြို့တွင် ယာဉ်/လမ်း စည်းကမ်းအား မလိုက်နာပဲ မောင်းနင်းနေသည့် စည်းကမ်းပျက် ယာဉ်များအား စဉ်ဆက်မပြတ် အရှိန်ဟုန်တိုးမြှင့်ကာ စစ်ဆေး ဖမ်းဆီး နေလျှက်ရှိရာ ဇန်န၀ါရီလ(၈)ရက်နေ့ နံနက်ပိုင်းက မော်တော်ယာဉ် (၃၄)စီးအား ၂၀၁၅ မော်တော်ယာဉ် ဥပဒေသစ်ဖြင့် အရေးယူလိုက်ကြောင်း တာချီလိတ် ယာဉ်ထိန်းရဲတပ်မှ သိရသည်။

"ဒီနေ့ ရှမ်းရိုးမကွင်းရှေ့မှာ စစ်ဆေးဖြစ်ပါတယ်၊ အဲ့လို စစ်ဆေးတဲ့အခါမှာ ကားမောင်းသူ တစ်ဦးက သူ့မှာ ယာဉ်မောင်းလိုင်စင် ရှိပေမဲ့လည်း၊ အခု စစ်ဆေးနေတဲ့ အချိန်မှာ မပါလာလို့၊ တရားရုံးမှာ ဒဏ်ငွေ ဆောင်စေပါတယ်၊ ဆိုင်ကယ်ပဲ မောင်းမောင်း၊ ကားပဲ မောင်းမောင်း သက်ဆိုင်တဲ့ ယာဉ်မောင်း လိုင်စင်ကတ်ပြားကိုတော့ မိမိနဲ့အတူ ဆောင်ထားဖို့လိုပါတယ်၊ ယာဉ်မောင်းစဉ် မပါလာရင်တော့ သတ်မှတ်ထားတဲ့ ဥပဒေအရ ဒဏ်ငွေဆောင်ရမှာပါ.."ဟု အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

စည်းကမ်းပျက် ယာဉ်များအား မော်တော်ယာဉ် ဥပဒေသစ်ဖြင့် ၂၀၁၆ ဇန်န၀ါရီ လဆန်းမှစတင်၍ စစ်ဆေး အရေးယူလျှက်ရှိရာ ဇန်န၀ါရီ(၈)ရက်နေ့တွင် ဦးထုပ်မဆောင်းသည့် ဆိုင်ကယ်(၃၃)စီး နှင့် ကားမောင်း လိုင်စင်ရှိသော်လည်း စစ်ဆေးစဉ် မပါသည့် မော်တော်ကား(၁)စီး စုစုပေါင်း(၃၄)စီးအား ဖမ်းဆီး အရေးယူခဲ့ကြောင်းနှင့် အဆိုပါ ယာဉ်များအား တရားစွဲတင်ပို့ရာ တရားရုံးမှ သတ်မှတ်ဒဏ်ငွေများ ပေးဆောင်ရန် သတ်မှတ်လိုက်ကြောင်း သိရသည်။

"ဒါမျိုး နေ့တိုင်း လုပ်သွားရင်တော့ ဒေသခံတွေ စည်းကမ်း ရှိလာမယ်နဲ့တယ်၊ နောက်တစ်ခု အကြံပေးချင်တာက ရှောင်တခင်အနေနဲ့ လမ်းကြို လမ်းကြားတွေမှာပါ လိုက်ဖမ်းမယ်ဆိုရင် စည်းကမ်းပိုပြီး ရှိလာနိုင်တယ်၊ အခုက ဖမ်းတဲ့နေရာကို ရှောင်သွားနေကြတာ"ဟု ဒေသခံ ဦးစိုင်းခမ်းက အကြံပြု ပြောဆိုသည်။

 
တာချီလိတ်မြို့တွင် ဆိုင်ကယ်ဦးထုပ်မဆောင်းသူများ၊ ဆိုင်ကယ်နံပါတ်ပြား မတပ်ဆင်ထားသူများ၊ ဆိုင်ကယ်နောက်ကြည့်မှန် မတပ်သူများနှင့် ယာဉ်မောင်းလိုင်စင် မပါဘဲ မောင်းနှင်သူများ စသည်တို့ကို ၂၀၁၅ မော်တော်ယာဉ် ဥပဒေဖြင့် အရေးယူနိုင်ရန်အတွက် ဇန်န၀ါရီလ(၂)ရက်နေ့က စတင်ကာ အရှိန်ဟုန် တိုးမြှင့်ကာ ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်နေလျှက်ရှိပြီး ဆက်လက်၍လည်း စစ်ဆေး အရေးယူမှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~ ကြော်ငြာ ~~~~~~~~~