တာချီလိတ် ပြည်ခိုင်ဖြိုးပါတီမှ ရွေးကောက်ပွဲ အောင်နိုင်ရေး လှည့်လည်

တာချီလိတ် ပြည်ခိုင်ဖြိုးပါတီမှ ရွေးကောက်ပွဲ အောင်နိုင်ရေး လှည့်လည်
နိုဝင်ဘာ 1, 2015
By Tachileik News Agency

တာချီလိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အသီးသီးတွင် ၀င်ရောက် ရွေးချယ်မည့် ကိုယ်စားလှယ်လောင်းများမှ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖြစ် စီတန်းလှည့်လည်မှုအား ယနေ့ နိုဝင်ဘာလ (၁)ရက်နေ့ နံနက်ပိုင်းမှ ညနေပိုင်း အချိန်ထိ တာချီလိတ်မြို့မှ တာလေ၊ မိုင်းလင်းအထိ စီတန်းလှည့်လည်ခဲ့ကြောင်း သိရသည်။

ထိုသို့ စီတန်းလှည့်လည် သွားရောက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်တင်မေထွန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝီလ်ဆင်မိုး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းများဖြစ်သည့် ဦးစိုင်းဆင် (မဲဆန္ဒနယ်အမှတ်-၁)၊ ဦးကျဒေါလော် (မဲဆန္ဒနယ် အမှတ်-၂) တို့မှ ဦးဆောင်ပြီး ခရိုင်အတွင်းရေးမှူး ဦးဘိုစံ၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းရွှေထွန်း၊ ခရိုင်/မြို့နယ်ကော်မတီဝင်များ စည်းရုံး ရေးမှူးများ ရှမ်း၊ အာခါ၊ လားဟူ၊ ပလောင် ပါတီဝင် တိုင်းရင်းသားများ စုံလင်စွာဖြင့် နံနက်( ၆း၃၀ )တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကွင်းတွင် စုဝေးကာ လှည့်လည်ခဲ့ကြတာဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှ ဦးဆောင်ပြီး ဆိုင်ကယ် အစီး(၁၀၀)၊ သုံးဘီး(၂၇)စီး၊ မော်တော်ယာဉ်၊ အစီး(၁၀၀)ကျော် နှင့် ပါတီဝင်အင်အား(၁,၀၀၀)ကျော်တို့သည် တာချီလိတ်မှ တာလေမြို့နယ်၊ မိုင်းလင်း(အနောက်)အုပ်စု၊ လန့်တောင်းကျေးရွာအထိ စီတန်း လှည့်လည်ကာ ပါတီအောင်နိုင်ရေးများ ဆောင်ရွက်ခဲ့ကြသည်။
သတင်း/ဓါတ်ပုံ။  ။ သာစည်မျိုးသန့် 
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net