မဲရုံမှူး ၊ ဒုတိယမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ ဆင့်ပွားသင်တန်း တာချီလိတ်ခရိုင်၌ ဖွင့်

မဲရုံမှူး ၊ ဒုတိယမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ ဆင့်ပွားသင်တန်း တာချီလိတ်ခရိုင်၌ ဖွင့်
အောက်တိုဘာ 5, 2015
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ မှ မဲရုံမှူး ၊ ဒုတိယမဲရုံမှူး နှင့် မဲရုံ အဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ၊ ခရိုင်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့ အောက်တိုဘာလ(၅)ရက်၊ နံနက်(၈)နာရီ က တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်ဝင်းမောင်၊ အတွင်းရေးမှူး ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နောင်စိုး နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထိန်မင်း နှင့်အဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်သည်။

အခမ်းအနားတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်ဝင်းမောင်က ဆင့်ပွားသင်တန်းဖွင့် လှစ်ရခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားပြီး၊ သင်တန်းအား ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် ဦးရဲမြင့် (ခရိုင်ဥပဒေအရာရှိ) နှင့် တာဝန်ရှိသူတို့က ဆက်လက် သင်ကြားပို့ချသည်။

အဆိုပါသင်တန်းသို့ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်းမြို့နယ်များမှ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ များ နှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူး တာဝန်ယူဆောင်ရွက်မည့် ကျောင်းဆရာ၊ ဆရာမများ က သင်တန်းသားအဖြစ် တက်ရောက်ပြီး၊ အောက်တိုဘာလ (၅)ရက်နေ့မှ (၆)ရက်နေ့အထိ မဲရုံမှူး၊ ဒုတိယမဲရုံမှူး ၏ တာဝန်ဝတ္တရားများ၊ လုပ်ပိုင်ခွင့်များ၊ မဲရုံအတွင်း ၀င်ခွင့်ရှိသူများ၊ စောင့်ကြည့်လေ့ လာသူများ၊ မဲရုံကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ၊ မဲရုံပုံစံနှင့်ကြိုတင်ပြင်ဆင်မှုဆိုင်ရာများ၊ မဲရုံပစ္စည်း များအသုံးပြုပုံ၊ မဲရုံတွင် လိုအပ်သော ပုံစံများစာရင်း၊ မဲရုံဖွင့်ခြင်း ပိတ်ခြင်း ဆိုင်ရာများ၊ အမေးအဖြေ ကဏ္ဍများ၊ ရွေးကောက်ပွဲနေ့တွင် မဲရေတွက်ခြင်း၊ ခိုင်လုံမဲ နမူနာများ၊ ပယ်မဲနမူနာများ၊ အထိခိုက်ခံသော ပစ္စည်းများနှင့် အထိခိုက်မခံသော ပစ္စည်းများ ဖြန့်ဝေခြင်း၊ သိမ်းဆည်းခြင်း လုပ်ငန်းများ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် မဲပေးနည်း လက်တွေ့ သရုပ်ပြခြင်းတို့ကို သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။

သတင်း။  ။ ဝေယံလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~