တာချီလိတ်၌ ကျင်းပမည့် ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၂၈)ဦးရှိ

တာချီလိတ်၌ ကျင်းပမည့် ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၂၈)ဦးရှိ
ဇွန် 23, 2015
By Tachileik News Agency

ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် တာချီလိတ်ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပမည့် မြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲနှင့် ပဒေသာကပွဲကို ဇွန်လ(၃၀)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန်အတွက် စာရင်းပေးသွင်းထားသည့် အသက် (၂၅)နှစ်အောက် အမျိုးသမီးငယ် စုစုပေါင်း (၂၈)ဦးရှိပြီဖြစ်ပြီး ကြိုတင်လေ့ကျင့်မှုများကို တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ နေ့စဉ် ညနေ(၃)နာရီ အချိန်တွင် နည်းပြများဖြင့် လေ့ကျင့်နေလျှက်ရှိကြောင်း သိရသည်။

ယနေ့ ဇွန်လ(၂၃)ရက် ညနေ(၃)နာရီအချိန်က အဆိုပါ လေ့ကျင့်မှုတွင် နည်းပြအဖြစ် ဒေါ်နန်းဇင်မျိုးအောင်က ပြသပြီး ယခင်နှစ်က ပထမဆု ရရှိခဲ့သူတို့မှ ပူးပေါင်းပြသပေးရာ တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် တာချီလိတ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်အေးသန္တာကျော်တို့မှ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးငယ်များကို အားပေးစကား ပြောကာ ကိုယ်နေဟန်ထား နှင့် စည်းမျဉ်းစည်းကမ်းများအား လိုက်နာမှုရှိစေရန်အတွက် အနီးကပ်ကြီးကြပ် သင်ကြား ဆောင်ရွက်ပေးသည်။

"ကျွန်မကတော့ ပြိုင်ပွဲမှာ ဆုရလိုစိတ်နဲ့မဟုတ်ဘဲ၊ ပြိုင်ပွဲ အတွေ့အကြုံရရှိအောင်လို့ ၀င်ပြိုင်ဖို့အတွက် လေ့ကျင့်နေတာပါ.."ဟု လေ့ကျင့်နေသူ ဆယ်ကျော်သက် အမျိုးသမီးငယ် တစ်ဦးက ဆိုသည်။

အဆိုပါ ပြိုင်ပွဲအတွက် စာရင်းပေးသွင်းထားကြသူများတွင် သက်ဆိုင်ရာ ရပ်ကွက် ကိုယ်စားပြုများ၊ စာသင်ကျောင်း ကိုယ်စားပြုများ နှင့် စီးပွားရေးလုပ်ငန်း ကိုယ်စားပြုများ စသည်ဖြင့် ပါဝင်ရာ အသက်(၂၅)နှစ်အောက် အမျိုးသမီးငယ် စုစုပေါင်း (၂၈)ဦးရှိနေပြီး အသက်အငယ်ဆုံးမှာ အသက်(၁၃)နှစ်ရှိပြီး အကြီးဆုံးမှာ အသက်(၂၃)နှစ်အထိ ရှိကြောင်း သိရသည်။

ဇွန်လ(၃၀)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်သူများ၏ စာရင်းကို လူဦးရေ စုစုပေါင်း (၂၈)ဦးဖြင့် ယနေ့ ဇွန်လ(၂၃)ရက်နေ့တွင် စာရင်းပိတ်လိုက်ပြီဖြစ်ပြီး နေ့စဉ် ညနေ (၃)နာရီတွင်  လေ့ကျင့်ပေးနေလျက်ရှိကြောင်း သိရသည်။

ပြိုင်ပွဲ၏ အမှတ်ပေးစည်းမျဉ်းများကိုလည်း တဆက်တည်း ဖော်ပြပေးလိုက်ပါသည်။

ပြိုင်ပွဲ၏ အမှတ်ပေးစည်းမျဉ်းများအနေဖြင့်....

  • (၁) တစ်ဦးချင်း မိတ်ဆက်စကားပြောခြင်းအတွက် ( ၁၀ )မှတ်
  • (၂) လျှောက်လှမ်းပုံ လှပခြင်းအတွက် ( ၁၀ )မှတ်
  • (၃) သတ်မှတ်ဝတ်စုံ ပြည့်စုံလှပခြင်းအတွက် ( ၁၀ )မှတ်
  • (၄) ဆင်ယင်ထုံးဖွဲ့မှု ယဉ်ကျေးခြင်းအတွက် ( ၁၀ )မှတ်
  • (၅) မြန်မာဆန်ဆန် လှပခြင်းအတွက် ( ၁၀ )မှတ်

စုစုပေါင်း ( ၅၀ )မှတ် သတ်မှတ်ပေးထားပြီး အသေးစိတ် အမှတ်ပေးစည်းမျဉ်းအတွက်ကတော့
(က) တစ်ဦးချင်းမိတ်ဆက်စကားပြောခြင်း

  • (၁) အသံကြည်လင်ပြတ်သားမှုရှိခြင်းအတွက် ( ၃ )မှတ်
  • (၂) အထစ်အငေါ့မရှိခြင်းအတွက် ( ၃ )မှတ်
  • (၃) မိတ်ဆက်စကား အသုံးအနှုန်းမှန်ကန်မှုရှိခြင်းအတွက် ( ၄ )မှတ်

(ခ) လျှောက်လှမ်းပုံလှပခြင်း

  • (၁) လမ်းလျှောက်ပုံသည် နွဲ့နှောင်း လှပသည့်ဟန်ရှိခြင်းအတွက် ( ၃ ) မှတ်
  • (၂) သတ်မှတ်ကိုယ်ဟန်ပြ(၄)မျိုးလှပခြင်းအတွက် ( ၄ )မှတ်
  • (၃) တီးလုံးနှင့် အံဝင်ဂွင်ကျလျှောက်နိုင်ခြင်းအတွက် ( ၃ )မှတ်

(ဂ) သတ်မှတ်ဝတ်စုံပြည့်စုံမှုအတွက် ( ၁၀ )မှတ်ပေးထားသည်

  • (၁) မြန်မာ(သို့)တိုင်းရင်းသားဝတ်စုံဖြစ်ခြင်း
  • (၂) အင်္ကျီသည် လက်စက(သို့)လက်ရှည်ဖြစ်ခြင်း
  • (၃) ရင်ဖုံး(သို့)ရင်စေ့ အင်္ကျီဖြစ်ခြင်း
  • (၄) လုံခြည်ဝတ်ဆင်ရာတွင် သပ်ရပ်ညီညာမှုရှိခြင်း

မှတ်ချက်။ ။ မြန်မာထိုင်မသိမ်းဝတ်ဆင်နိုင်သည်။ မှန်ဇာအသုံးပြုပါက ရင်ဘတ်အထက်ဖက်နှင့် လက်တွင်သာဖြစ်ရမည်။ လက်ဝတ်ရတနာများ ၀တ်ဆင်ရာတွင် မျက်စိပသာဒသင့်တင့်စွာဆင်မြန်းရမည်။ ထမိန်စကတ်(လုံးဝ)မ၀တ်ဆင်ရ။

(ဃ) ဆင်ယင်ထုံးဖွဲ့မှုယဉ်ကျေးခြင်း

  • (၁) ခေတ်အဆက်ဆက် မြန်မာ့ရိုးရာဆန်ဆန် ဆင်ယင်ထုံးဖွဲ့မှုဖြစ်ခြင်းအတွက် ( ၄ )မှတ်
  • (၂) ၀တ်စုံနှင့် ဆံထုံးလိုက်ဖက်မှုရှိခြင်းအတွက် ( ၃ )မှတ်
  • (၃) ၀တ်စုံဒီဇိုင်းသည် ခေတ်နှင့်ဆန့်ကျင်ဖက်မဖြစ်ခြင်းအတွက် ( ၃)မှတ်

(င) မြန်မာဆန်ဆန် လှပခြင်း

  • (၁) ၀တ်စားဆင်ယင် ထုံးဖွဲ့မှုသည် မြန်မာမှု ဟန်ပန်ပေါ်လွင်နေခြင်းအတွက် ( ၄)မှတ်
  • (၂) မျက်နှာ အမူအရာသည် လှပသော အပြုံးပိုင်ရှင်ဟန် ပေါ်လွင်ခြင်းအတွက် ( ၃)မှတ်
  • (၃) ကိုယ်ဟန်အနေအထား ကျော့ရှင်းပြေပြစ် လှပမှုရှိခြင်းအတွက် ( ၃) မှတ်

စသည့် ပြိုင်ပွဲနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများ နှင့် အမှတ်ပေးစနစ်ကို အထက်ပါအတိုင်း သတ်မှတ်ပေးထားမှာဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~