သေနတ်ဒဏ်ရာ (၆)ချက်ဖြင့် တာချီလိတ်၌ ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရ

သေနတ်ဒဏ်ရာ (၆)ချက်ဖြင့် တာချီလိတ်၌ ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရ
မတ် 31, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့တွင် မတ်လ(၃၁)ရက်သို့ အကူးတွင် သေနတ်ဖြင့် (၆)ချက်တိတိ ပစ်သတ်သည့် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကားပေါ်တွင် ထိုင်နေလျက်ဖြင့် သေနတ်ဒဏ်ရာ (၆)ချက်တိတိရရှိပြီး ပွဲချင်းပြီးသေဆုံးသွားသူသည် အသက်(၄၉)နှစ်ရှိ နိုင်းကိုးမင်း ဖြစ်ပြီး ထိုင်းနိုင်ငံ ပူလီလန်မြို့မှ ထိုင်းလူမျိုးဖြစ်ကြောင်း နှင့် အခင်းဖြစ်ပွားသည့် နေရာသည် တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက်၊ ရွှေမိသားစု ဟိုတယ်ရှေ့ရှိ ဦးအားဂျာ ရေဆေးခုံ ကားဝင်းအတွင်းမှာ ဖြစ်ပွားတာဖြစ်ကြောင်း တာချီလိတ်မြို့ရဲစခန်းမှ သိရသည်။

သေဆုံးသူ၏ ဦးခေါင်းဝဲဂျိုစောင်းတွင် ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ နောက်စေ့ယာ ဖောက်ထွက် ဒဏ်ရာ(၁)ချက်၊ ယာရင်ညွှန့် ဖောက်ဝင် ဒဏ်ရာ(၁)ချက်၊ နောက်စေ့ယာ ဖောက်ထွက် ဒဏ်ရာ(၁)ချက်၊ ၀ဲလက်မောင်းဖောက်ဝင် ဒဏ်ရာ(၁)ချက်၊ ယာနံဘေးဖောက်ထွက် ဒဏ်ရာ(၁)ချက်တို့ဖြင့် စုစုပေါင်း သေနတ်ဖြင့်(၆)ချက် ပစ်ခံရမှုကြောင့် ကားပေါ်ထွက် ထိုင်လျက်သေဆုံးနေကြောင်းနှင့် ယခုလို ဖြစ်ပွားသည့်အမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းမှ (ပ)၆၇/၂၀၁၅ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

"နာရေးကူညီဖို့အတွက် ကျွန်တော်တို့အဖွဲ့တွေ အခင်းဖြစ်ပွားရာ နေရာကို ရောက်သွားခဲ့တယ်၊  သေဆုံးသူရဲ့ အမျိုးသမီးကတော့ သူ့အမျိုးသားက ဘက်ဟိုးမောင်းတဲ့ အလုပ်လုပ်တယ်လို့ ပြောပါတယ်"ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

တာချီလိတ်မြို့တွင် ယခု မတ်လ၏ နောက်ဆုံးအပတ်ဖြစ်သည့် မတ်လ(၂၂)ရက်နေ့က ပြန်ပေးဆွဲမှုဖြစ်ခဲ့ပြီး တရားခံအား မတ်လ(၂၅)ရက်နေ့မှ ဖမ်းဆီးရမိခဲ့ကြောင်း၊ မတ်လ(၂၇)ရက်နေ့က အသက်(၆)နှစ်အရွယ် မိန်းကလေးတစ်ဦး ပျောက်ဆုံးခဲ့ပြီး မတ်လ(၃၀)ရက်နေ့ ညနေပိုင်းတွင် အဆိုပါကလေးအား သေဆုံးနေလျက်ဖြင့် ပြန်လည်တွေ့ရှိကြောင်းနှင့် မတ်လ(၃၁)ရက်သို့ အကူးတွင် ယခုလို သေနတ်ဖြင့် ပစ်ခတ် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~