တာချီလိတ်၌ ရက်ရှည် မီးခိုးများ ဖုံးလွှမ်းမှုကြောင့် လေကြောင်းလိုင်းများ ပုံမှန်ဆင်းသက်နိုင်ခြင်း မရှိသည့်အပြင် ကျန်းမာရေးများ ထိခိုက်

တာချီလိတ်၌ ရက်ရှည် မီးခိုးများ ဖုံးလွှမ်းမှုကြောင့် လေကြောင်းလိုင်းများ ပုံမှန်ဆင်းသက်နိုင်ခြင်း မရှိသည့်အပြင် ကျန်းမာရေးများ ထိခိုက်
မတ် 15, 2015
By Tachileik News Agency

နွေရာသီ တောင်ယာ တောမီးရှို့သည့် ကာလကို ရောက်သည့် အခါတိုင်း၌ တာချီလိတ်မြို့တွင် မီးခိုး မြူခိုးများကြောင့် မြို့အတွင်း မီးခိုး မြူခိုး ဖုံးလွှမ်းမှုအဖြစ် ၂၀၁၅ခုနှစ် မတ်လအတွင်းမှ စတင်၍ ယနေ့ မတ်လ (၁၅)ရက်နေ့အထိ ဖြစ်ပွားလျက်ရှိရာ မီးခိုးများဖုံးလွှမ်းမှုကြောင့် ခရီးသွားလာရေးအနေဖြင့် လေကြောင်းခရီးစဉ်များမှာ ပုံမှန်ဆင်းသက်နိုင်ခြင်း မရှိသည့်အပြင် ဒေသခံပြည်သူများ ကျန်းမာရေး ထိခိုက်မှုများလည်း ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။

"ဆိုင်ကယ်မောင်းတာတောင် မျက်စိတွေ စပ်လာတယ်၊ အသက်ရှုရတာ တစ်မျိုးကြီး ဖြစ်နေတယ်၊ နွေရာသီရောက်ပြီဆိုရင် ဒီလိုပဲ ဖြစ်နေတော့တာပဲဗျာ.."ဟု အငှားဆိုင်ကယ်ပြေးဆွဲသူ တစ်ဦးကလည်း တာချီလိတ်အွန်လိုင်းသို့ မီးခိုး မြူခိုးများ ဖုံးလွှမ်းမှုနှင့် ပတ်သက်၍ ပြောလာသည်။

"ဒီအခိုးအငွေ့ကြောင့် ပြီးခဲ့တဲ့ ရက်က လေယာဉ်စီးတာတောင် ကျိုင်းတုံမှာ တကူးတက သွားစီးရတယ်၊ တာချီလိတ်လေဆိပ်မှာလည်း တစ်နေကုန်ထိုင်စောင့်ရသေးတယ်၊ မီးခိုးတွေ ကင်းစင်နိုးနဲ့၊ လေဆိပ်က တာဝန်ရှိသူတွေကလည်း ရာသီဥတုပေါ်မူတည်ပြီး ပြတ်သားတဲ့ ကြော်ငြာချက်တွေ မထုတ်ထားတော့ ခရီးစဉ်ရှိလိမ့်နိုးနဲ့ အိမ်ပြန်လှည့်ခဲ့ရတာတွေလည်း ရှိသေးတယ်၊ ဒီလို ရာသီမှာ အရေးပေါ် ကိစ္စရပ်တွေအတွက် ခရီးသွားလာမယ်ဆိုရင် အဆင်မပြေလို့ နောက်ဆုံး ကျိုင်းတုံထိ သွားစီးရတော့တာပဲ..."ဟု ခရီးသည်တစ်ဦးဖြစ်သူ ဦးကျော်ဝင်း က ပြောသည်။

“ဒီလို ဖြစ်စဉ်တွေကြောင့် လေယာဉ်လည်း ဆင်းလိုက် မဆင်းလိုက်နဲ့ သိပ်မသေချာဘူး ကျွန်တော်ကိုယ်တိုင်တောင် မတ်လ (၁၀)ရက်နေ့က ကျိုင်းတုံကနေတဆင့် သွားစီးရတယ်”ဟု လေယာဉ်ခရီးသည် တစ်ဦးမှပြောသည်။

တာချီလိတ်မှ လေယာဉ်ခရီးစဉ်ဖြင့် ထွက်ခွာမည့် ခရီးသည်များသည် တာချီလိတ်မှ ကျိုင်းတုံသို့ သွားရောက်၍ လေယာဉ်စီးရပြီး ကျိုင်းတုံသို့ သွားသော ခရီးစရိတ်အား သက်ဆိုင်ရာ လေကြောင်းလိုင်းမှ တာဝန်ယူ ပို့ဆောင်ပေးကြောင်း သိရသည်။

ယခုလို တောင်ယာတောမီးရှို့မှုများကြောင့် မီးခိုး မြူခိုးများ ဖုံးလွှမ်းမှုသည် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် နှင့် ချင်းရိုင်းခရိုင်များတွင်လည်း ဖြစ်ပွားပြီး ထိုင်း - မြန်မာ နယ်စပ် တစ်လျှောက်တွင် မီးခိုးမှိုင်းများနှင့် ဖုန်မှုန့်များကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်သည့်အပြင် နှစ်နိုင်ငံ အများပြည်သူတို့၏ ကျန်းမာရေး ထိခိုက်စေရုံသာမက လူသူသွားလာ လှုပ်ရှားမှုများတွင် အမြင်အာရုံကို ထိပါးစေနိုင်သည့်အတွက် တောမီးမရှို့စေရေးနှင့် တောမီးရှို့မှုတားဆီးရေးများကို ထိုင်း နှင့် မြန်မာတို့ ဆောင်ရွက်ကြသော်လည်း ယနေ့အချိန်ထိ ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် နှစ်စဉ်လိုလိုပင် မီးခိုး မြူခိုးများ ဖုံးလွှမ်းမှုကို ပြည်သူအများ ခံကြရတာကို တွေ့ရှိရသည်။

တာချီလိတ်မြို့တွင် နွေရာသီအစ ရောက်တိုင်း ယခုလိုပင် မီးခိုးများကြောင့် ဒေသခံပြည်သူများအနေဖြင့် မျက်စိစပ်ခြင်း၊ ချောင်းဆိုး၊ လည်ချောင်းနာစသည့် ကျန်းမာရေးထိခိုက်မှုများအပြင် လေကြောင်းလိုင်း ပြဿနာများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရှိရသည်။

(( ယခုဖော်ပြပါ ပုံများသည် ယနေ့ မတ်လ(၁၅)ရက် နေ့လည်(၂)နာရီ အချိန်က မြင်ကွင်းများပဲ ဖြစ်ပါသည်။ ))

ပုံများကိုကြည့်ရန်
တာချီလိတ်၌ ရက်ရှည် မီးခိုးများ ဖုံးလွှမ်းမှုကြောင့် လေကြောင်း......

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~ကြော်ငြာ ~~~~~~~