ထိုင်း - မြန်မာ - လာအို သုံးနိုင်ငံမှ သံဃာတော် အပါး(၁၀၀၀၀)အား စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူ

ထိုင်း - မြန်မာ - လာအို သုံးနိုင်ငံမှ သံဃာတော် အပါး(၁၀၀၀၀)အား စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူ
ဖေဖော်ဝါရီ 22, 2015
By Tachileik News Agency

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ ထိုင်း - မြန်မာ ချစ်ကြည်ရေး အမှတ်(၁)တံတား အနီးတွင် ထိုင်း - မြန်မာ -- လာအို (၃)နိုင်ငံမှ သံဃာ(၁၀၀၀၀)အား ဒုတိယအကြိမ်မြောက် စုပေါင်း ဆွမ်းလောင်းလှူပွဲအဖြစ် ဖေဖော်ဝါရီ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ တာချီလိတ်မြို့ပေါ်မှ သံဃာတော်၊ ကိုရင် နှင့် သီလရှင် စုစုပေါင်း အပါး(၁၅၀၀)၀န်းကျင်ခန့် ကြွရောက်ကြောင်း သိရသည်။

“ဒါမျိုးဆွမ်းလောင်းတာ သာသနာအတွက် အကောင်းဆုံးပေါ့ သာသနာ မပျောက်ကွယ်အောင် ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ (၃)နိုင်ငံ သံဃာတော်တွေကို ဆွမ်းလောင်းလှူတဲ့ပွဲဆိုတော့ ရွှေတြိဂံဒေသမှာ သာသနာတိုးတက် စည်ပင်မှုတွေရှိတယ်ဆိုတာကို ပြသလိုက်တာဘဲ”ဟု ရွှေသူဌေးကုန်းကျောင်းတိုက်မှ ဆရာတော် ဦးကေသရမှ မိန့်ကြားသည်။

“ကျွန်တော်တို့ ကောက်ခံရရှိတဲ့ စာရင်းအရဆိုရင် မြန်မာနိုင်ငံက သံဃာ အပါး(၁၅၀၀)လောက်ရှိတယ်၊ ဒါတောင် စာရင်းမပေးထားတဲ့ သံဃာမပါသေးဘူး၊ ကျွန်တော်တို့ အသင်းအနေနဲ့ကတော့ မြန်မာသံဃာတော်တွေ ဆွမ်းခံပြီးပြန်တဲ့ အချိန်မှာ ကျောင်းတိုက်တွေကို လိုက်ပို့ဖို့ စီစဉ်ထားပါတယ်”ဟု အလင်းရောင်ပရဟိတ အသင်းမှ ဒုတိယဥက္ကဌ ဦးနိုင်စိုး မှ ပြောသည်။

“ကျွန်မတို့ မနက် တံတားဖွင့် ဖွင့်ချင်း ဆွမ်းလောင်းဖို့ နေရာရအောင် အစောကြီးထလာတာ၊ နောက်ကျရင် နေရာမရတတ်ဘူးလေ သံဃာ အပါး(၁၀၀၀၀)အတွက်ဆိုတော့ လှူဖွယ် အစုံယူလာခဲ့တယ်၊ မနှစ်ကလဲ လာလောင်းပါတယ်၊ တကယ်ကို ကုသိုလ်ထူးတဲ့ပွဲဘဲ”ဟု တာချီလိတ်မြို့မှ သံဃာတော်များအား ဆွမ်းလာရောက်လောင်းလှူသူ အမျိုးသမီးတစ်ဦးမှပြောသည်။

ပြီးခဲ့သော ၂၀၁၄ခုနှစ်က ယခုလို သံဃာအပါး (၁၀၀၀၀)အား ဆွမ်းလောင်းလှူရာတွင် မြန်မာဘက် သံဃာတော်များအတွက် အလှူစာအထုပ်မှာ (၄)ပါးလျှင် (၁)ထုပ်သာ ရရှိခဲ့သည့်အတွက် ယခုနှစ်တွင် တစ်ပါး(၁)ထုပ်နှုန်းဖြင့် ရရှိရန်အတွက် စီစဉ်ထားရှိကြောင်း သိရသည်။

"ဒီနှစ်မှာတော့ ဆွမ်းခံကြွတဲ့ သံဃာတော်နဲ့ သီလရှင်တွေ မရမရှိရလေအောင် တစ်ပါးကို တစ်ထုပ်နှုန်းနဲ့ ပြန်လည်ပြီးတော့ ခွဲဝေလှူဒါန်းပြီး မကြွလာတဲ့ သံဃာတော်တွေ အတွက်လည်း ကျောင်းအရောက်ပို့ပေးဖို့ ကျွန်တော်တို့ အသင်းက စီစဉ်ထားပါတယ်၊ ဒီနှစ်က ဘန်ကောက်က ဆရာတော်တွေလည်း ကြွလာတော့ မြန်မာဘက်က သံဃာတော်တွေ တစ်ပါးစီ ရရှိအောင် မယူဘဲ ပြန်လှူခဲ့တာကြောင့် ကျွန်တော်တို့ အသင်းက အထုပ်(၁၈၅၀)ထုပ်ကို လက်ခံထားပြီး ကျိုင်းတုံ၊ မိုင်းဖြတ်က သံဃာ အပါး(၂၀၀)စာ အပါအ၀င် တာချီလိတ်မြို့က အပါး(၁၅၀၀)ကျော်စာအတွက်လည်း လက်ခံထားတာကြောင့် စနစ်တကျ တစ်ပါးတစ်ထုပ်နှုန်းနဲ့ ပြန်လည်လှူဒါန်းမဲ့အပြင် ပိုတဲ့ အထုပ်တွေကိုလည်း မိဘမဲ့ဂေဟာများနဲ့ ဘ/ကကျောင်းတွေမှာ လှူဒါန်းသွားမှာ ဖြစ်ပါတယ်"ဟု အလင်းရောင်ပရဟိတအသင်း မှ ဒုတိယ ဥက္ကဌ ဦးနိုင်စိုးက ပြောပြသည်။

ယခု ဆွမ်းလောင်းပွဲအား ထိုင်းနိုင်ငံမှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ထိုင်း-မြန်မာ-လာအို နိုင်ငံများမှ သံဃာတော်များအား ဆွမ်းလောင်းလှူခဲ့ခြင်းအဖြစ် ယခုလို သံဃာအပါး (၁၀၀၀၀)အား စုပေါင်းဆွမ်းလောင်းလှူမှုကို ၂၀၁၄ခုနှစ် မတ်လ(၂၂)ရက်က ပထမအကြိမ် ပြုလုပ်ခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

ပုံများကိုကြည့်ရန်
ထိုင်း - မြန်မာ - လာအို သုံးနိုင်ငံမှ သံဃာတော် အပါး(၁၀၀၀၀)အား....
သုံးနိုင်ငံမှ သံဃာတော် အပါး(၁၀၀၀၀)အား စုပေါင်း ဆွမ်းလောင်း...

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~