ကျိုင်းတုံ၌ ရေကန် ပေါက်ထွက်လာမှုကြောင့် ရွှံ့နွံများကို စုပေါင်း ရှင်းလင်း

ကျိုင်းတုံ၌ ရေကန် ပေါက်ထွက်လာမှုကြောင့် ရွှံ့နွံများကို စုပေါင်း ရှင်းလင်း
ဒီဇင်ဘာ 9, 2014
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသဖြစ်သည့် ကျိုင်းတုံမြို့၊ ထပ်တင်္ကာတောင် နှင့် ခွေးတမော့ကြားတွင် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၈)ရက် နေ့လယ် (၂း၃၀)နာရီအချိန် ၀န်းကျင်က ရေကန်ဖြစ်နေသော ရထားလမ်း တာဘောင်တစ်ခုမှ ရေများ စိမ့်ထွက်လာပြီး ကန်ပေါက်သွားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ရေများမှာ လယ်ကွင်းများ နှင့် လမ်းတစ်ချို့ပေါ်သို့ ပြန့်ဝင် စီးဆင်းသွားမှုကြောင့် ယနေ့ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့ နံနက်ပိုင်းတွင် မြို့တွင်း၌ ရေများ စီးမျှောလာမှုကြောင့် တင်ကျန်နေသော ရွှံ့နွံများအား စုပေါင်း၍ ရှင်းလင်းစေခဲ့ကြောင်း သိရသည်။

ထိုသို့ရှင်းလင်းမှုများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့ရှိ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့်အတူ နှလုံးလှပိုင်ရှင်များ အခမဲ့ လူမှုကူညီရေးအသင်းမှ အသင်းသားများအပါအ၀င် စုပေါင်း၍ ရှင်းလင်းစေခဲ့ကြတာဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ "ဒီဇင်ဘာလ(၈)ရက်နေ့က ဖြစ်စဉ်သည် ကျိုင်းတုံမြို့နယ်၊ ၀မ်ကောင်းဘူတာရုံ အနီး ထပ်တင်္ကာစေတီနှင့် ခွေးတမော့ ရေလှောင်ဆည်ကြား အမြင့် (၄၅)ပေ နှင့် အရှည် (၁၀၀၀)ကိုက်ရှိသော ရထားလမ်းကြောင့် သဘာဝ တောင်ကျရေများ စီးဆင်းမှုမရှိတော့ဘဲ ရေလှောင်ကန်သဖွယ် ဖြစ်နေသော ရေကန်အတွင်းမှ ရေများကို ပိုက်ဖြင့် သွယ်ယူရန် တာဘောင်အား ဖောက်စဉ်မှ ရေကန်အတွင်းရှိ ရေ၏ တွန်းကန်အားကြောင့် ရေများယိုစိမ့်ထွက်ရာမှ အရှိန်ပြင်းထန်ပြီး အမြင့်(၅၄)ပေ၊ အကျယ်ကိုက် (၁၀၀၀)ခန့်ရှိသော ရထားလမ်း တာဘောင်ရေအားဖြင့် ပေ(၅၀)ခန့် ကျိုးပြီးရေကန်အတွင်းမှ ရေများ အခုလို လယ်ကွင်းများမှတဆင့် လမ်းပေါ်သို့ စီးဆင်းလာခဲ့တာဖြစ်ပြီး ထိုသို့ ဖြစ်ပေါ်မှုနှင့် ပတ်သက်၍ ရေစီးအားကြောင့် ကျိုင်းတုံ - တာချီလိတ် ကားလမ်းမှာ ညနေ (၃း၃၀)နာရီမှ ညနေ(၅း၄၅)နာရီအချိန်ထိ ကားများ သွားလာ၍ မရခဲ့ကြောင်းနှင့် လယ်ကွင်းများအတွင်း စပါးများ ရိတ်သိမ်းပြီးချိန်ဖြစ်နေ၍ ဆုံးရှုံးမှုမရှိကြောင်းအပြင် အဆိုပါ ရေကန်အတွင်းမှ ရေများသည် ညနေ (၅း၃၀)နာရီခန့်မှာ ရေစူး(၃)ပေခန့်သာ ကျန်ပြီး ရေစီးအားလျော့ကာ လွယ်မွေကားလမ်းတံတားအောက် ချောင်းသို့ ဆက်လက်စီးဆင်းသွားခဲ့ကြောင်း" ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေထံမှ သိရသည်။

ကျိုင်းတုံ ဒေသခံတစ်ဦးက "လူတွေ ထိခိုက်တာ၊ အိမ်တွေကြီးကြီးမားမား ထိခိုက် ပြိုပျက်တာတော့ မတွေ့ရဘူး၊ လယ်ကွင်းနဲ့အနီးဆုံးနားက ခြံအနည်းငယ်တော့ ရေစီးအားကြောင့် ပြိုတာလေးတွေဘဲ တွေ့ရတယ်၊"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

သတင်း ။  ။ ကိုဇောင်း
ဓါတ်ပုံ ။  ။ ကျော်ဝင်းနိုင်

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~