အပြင်တန်းပျံကျဈေးသည်များမှ စည်ပင်သာယာရေးကော်မတီနှင့် ဆက်လက်ဆွေးနွေးလို၍ ဆန္ဒထုတ်ဖော်မည့် ရက်အား ရွှေ့ဆိုင်းထား

အပြင်တန်းပျံကျဈေးသည်များမှ စည်ပင်သာယာရေးကော်မတီနှင့် ဆက်လက်ဆွေးနွေးလို၍ ဆန္ဒထုတ်ဖော်မည့် ရက်အား ရွှေ့ဆိုင်းထား
အောက်တိုဘာ 26, 2014
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့ရှိ မြို့မ(၀မ်ကောင်း)ဈေးနှင့် ပတ်သက်၍  (၁၅)နှစ်အထက် အကြာ ဈေး၏ အပြင်ဘက်တွင် ဈေးရောင်းချ၍ အသက်မွေးဝမ်းကျောင်းလာသော အပြင်တန်းပျံကျ ဈေးသူ ဈေးသားများနှင့် ပတ်သက်၍ ၎င်းတို့သည် ဈေးနေရာခုံတန်းများ မရရှိပါက အောက်တိုဘာလ (၂၇)ရက်နေ့တွင် တရားဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်သွားရန် ဆုံးဖြတ်ခဲ့ကြပြီးနောက် စည်ပင်သာယာရေး ကော်မတီနှင့် သက်ဆိုင်ရာများမှ ဈေးနေရာကိစ္စရပ်များနှင့် ပတ်သက်ကာ ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည့်ဖြစ်ပြီး ဆွေးနွေးမှု အဆင်မပြေမှသာ ဆန္ဒထုတ်ဖော်မှုကို နိုဝင်ဘာလ(၅)ရက်သို့ ရွှေ့ဆိုင်းထားကြောင်း သိရသည်။

ဈေးဆောက်လုပ်မှုမှာ ပြီးမြောက်တော့မည်ဖြစ်သည့်အတွက် အပြင်တန်းပျံကျဈေးသူဈေးသားများသည် နေရာပြန်လည် ရရှိရေးအတွက် စည်ပင်သာယာရေးကော်မတီ အပါအ၀င် ဆောက်လုပ်ရေးကုမ္ပဏီနှင့် ဈေးသူ ဈေးသားများ ပါဝင်သည့် သုံးပွင့်ဆိုင်တွေ့ဆုံမှုအဖြစ် အမြန်ဆုံး အကောင်အထည်ဖော်၍ တွေ့ဆုံဆွေးနွေးစေလိုကြောင်း အပြင်တန်းပျံကျဈေးသူ၊ ဈေးသားများ၏ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလှခင်က တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။

လက်ရှိဖြစ်ပေါ်နေသော ဈေးသူ၊ ဈေးသားများ၏ အခက်အခဲများအား ဖြေရှင်းပေးနိုင်ရန်အတွက် ပြီးခဲ့သည့် အောက်တိုဘာလ (၂၁)ရက်နေ့က စည်ပင်သာယာရေးကော်မတီမှ ကော်မတီဖွဲ့၍ အသေးစိပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုဆောက်လုပ်မှုပြီးစီးတော့မည်ဖြစ်သော မြို့မ(၀မ်ကောင်း)ဈေးနှင့် ပတ်သက်၍ နှစ်ပေါင်း (၁၅)နှစ်ကျော် အကြာ ဈေးရောင်းချလာသော အပြင်တန်းပျံကျဈေးသည်များသည် ၎င်းတို့၏ မူလနေရာ သို့မဟုတ် မြေညီထပ်တွင် ဈေးခုံတန်းများ မရရှိမှာကို စိုးရိမ်နေကြကြောင်း သိရှိရသည်။

သတင်း။  ။ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~