တရုတ် နဲ့ ထိုင်းအကြား မြန်မာ-လာအို ချစ်ကြည်ရေးတံတား

တရုတ် နဲ့ ထိုင်းအကြား မြန်မာ-လာအို ချစ်ကြည်ရေးတံတား
အောက်တိုဘာ 5, 2014
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့က လာအို-မြန်မာ ချစ်ကြည်ရေးတံတားကြီး ဆောက်လုပ်ပြီးစီးတော့မှာဆိုတော့ ဒီတံတားကြီးကြောင့် ကျွန်တော်တို့ ဒေသခံတွေအပေါ် ကျရောက်နိုင်မယ့် Effectives တွေ, Risk တွေ တာချီလိတ်အွန်လိုင်း အယ်ဒီတာ ကိုဇောင်းနဲ့ ဆွေးနွေးမိသမျှ၊ ကျွန်တော် စဉ်းစားမိသမျှ ဆောင်းပါးရေးလိုက်ပါတယ်။

ဒီတံတားကြီးဟာ လာအို-မြန်မာ ချစ်ကြည်ရေးတံတားလို့ ဆိုထားခြင်းကြောင့် ကျွန်တော်တို့ဟာ ကုန်စည်စီးဆင်းမှုအတွက် တည်ဆောက်ခြင်းလို့ အခြေခံစဉ်းစားလို့ရသွားတယ်။ ဒါဆို ဒီတံတားကြီးဟာ AEC အမှီတည်ဆောက်ဖို့နဲ့ AFTA ( ASEAN FREE TRADE AREA ) အတွက် အချိန်မှီ တည်ဆောက်ခြင်းပါ။

တကယ်ကို ကောင်းမွန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီအတွက် ဘာတွေပြင်ဆင်ထားပြီးပြီလဲ စဉ်းစားရမယ် နောက်ပြီး ကျွန်တော်တို့ လာအိုနဲ့ ကုန်သွယ်မှု ဘယ်လောက် ရှိပြီး နောက်ပြီး လာအိုတစ်နိုင်ငံတည်း ထည့်တွက်စဉ်းစားရမှာ မဟုတ်တာသေချာတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီတံတားဟာ လာအိုနိုင်ငံနဲ့ဆိုပေမယ့် တကယ်တမ်းက တရုတ်နိုင်ငံအတွက် အကျိုးအမြတ် အသေချာဆုံး တံတားကြီးဆိုတာ အာဆီယံနိုင်ငံ အားလုံးစဉ်းစားမိမှာ သေချာပါတယ်။ ကျွန်တော်ထင်တယ် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေထဲမှာ လာအိုနိုင်ငံဟာ ကုန်သွယ်မှု အနည်းဆုံးနိုင်ငံလို့ ထင်တယ်ဗျာ။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရဲ့ ထုတ်ကုန်တွေကို အာဆီယံနိုင်ငံတွေကို တင်သွင်းနေတဲ့ လမ်းကြောင်းတွေထဲမှာ မူဆယ်လမ်းကြောင်းဟာဆိုရင် မြန်မာနိုင်ငံအနောက်ဘက် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့နိုင်ငံတွေအထိ သူတို့ ထုတ်ကုန်တွေ ရောက်ရှိနေတာပါတယ်၊ မြန်မာနိုင်ငံတစ်ဝှမ်း တရုတ်ကုန်ပစ္စည်းတွေသုံးစွဲနေကြပါပြီ။ ကျွန်တော်တို့မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ အမေရိကန်အတွက် နိုင်ငံရေး မူဝါဒ သြဇာသက်ရောက်မှုအတွက် အသုံးချရာမှာ အကောင်းဆုံးဆိုတာ အားလုံးသိကြပြီးသားပါ။

ထားပါတော့ နိုင်ငံနဲ့ချီပြီး မပြောတော့ပါဘူး ကျွန်တော်တို့ဒေသအတွက်ဘဲ ပြောတော့မယ်။ ကျွန်တော်တို့ဒေသရဲ့ ထိုင်းနိုင်ငံကို တင်ပို့တဲ့ ပို့ကုန်အများဆုံးဟာ တရုတ်ပစ္စည်းတွေပါ။ ဒီပစ္စည်းတွေ ဘယ်လမ်းကြောင်းက လာလဲဆိုရင် ရေလမ်းကြောင်းကဆိုရင် မယ်ခေါင်မြစ်ကြောင်းနဲ့ ကုန်းလမ်းကြောင်းကဆိုရင် မိုင်းလားဘက်က ၀င်လာကြတာပါ။

ဒီလမ်းကြောင်းနှစ်ကြောင်းက ၀င်လာတဲ့ပစ္စည်းတွေဟာ တရုတ်ကနေမြန်မာနိုင်ငံဖြတ်ပြီး ထိုင်းနိုင်ငံ၊ မလေး၊ အင်ဒို စသဖြင့် အာဆီယံနိုင်ငံအနှံအပြားကို ရောက်ရှိသွားတာပါ။ ကျွန်တော်တို့ အာဆီယံနိုင်ငံတွေဟာ တရုတ်နဲ့ ဈေးကွက်ထုတ်ကုန်ချင်း ဘယ်လိုမှ ယှဉ်မရဘူးဆိုတာ အားလုံးသိကြပါတယ်။

တရုတ်နိုင်ငံဟာ ဈေးကွက် စီးပွားရေးမူဝါဒနဲ့ နိုင်ငံရေးမူဝါဒအရဆိုရင် ကျွန်တော်တို့နိုင်ငံဟာ သူ့အတွက် အကောင်းဆုံးပါဘဲ ကျွန်တော်တို့နိုင်ငံက တစ်ဆင့် အာဆီယံနိုင်ငံအားလုံးကို လွမ်းခြုံလို့ရပြီး အနောက်ဘက် အိန္ဒိယအထိ ကပ္ပလီပင်လယ်ဟာ သူ့အတွက် ဖြစ်သွားပါမယ်။

ကျွန်တော်တို့ဒေသမှာ လာအိုနိုင်ငံနဲ့ ချစ်ကြည်ရေးတံတားတော့ ဆောက်နေပြီ ဒီအတွက် AEC, AFTA အတွက် ဘာတွေစီစဉ်ပြီး ဘာတွေစဉ်းစားထားပြီးပြီလဲ တကယ်လို့ ဘာမှ မပြင်ဆင်ထားဘူးဆိုရင် တရုတ်က အေးအေးဆေးဆေး သူ့ပစ္စည်းတွေနဲ့ AFTA ကို လွမ်းမိုးသွားမှာပါ။ ကျွန်တော်တို့ဒေသမှာ အဆင့်မှီတဲ့ SME ဆိုတဲ့ အသေးစား လုပ်ငန်းလေးတွေလည်း မရှိသေးဘူး၊ အဆင့်မှီတဲ့ စီးပွားရေးဇုန်တွေလည်း မရှိသေးဘူး။ မြ၀တီမှာဆို စီးပွားရေးဇုန်ရှိနေပြီ၊ မူဆယ်မှာလဲ စီးပွားရေးဇုန် ရှိနေပြီ ကျွန်တော်တို့ဆီမှာ ဒီလောက် ကုန်သွယ်မှုတွေ ရှိနေရက်နဲ့ ကောင်းနေရက်နဲ့ ဘာကြောင့် စီးပွားရေးဇုန် မရှိရတာလဲ။

ကျွန်တော်တို့ ဒေသဟာ ပြည်ပထွက်ကုန်အပြင် တရုတ်နိုင်ငံက ထွက်ကုန်တွေပါ တင်ပို့နေတဲ့ဒေသ၊ တင်သွင်းနေတဲ့ဒေသဖြစ်ရဲ့သားနဲ့ အဆင့်မြင့်စီးပွားရေးဇုန်မရှိဘဲ ကုန်သွယ်လမ်းကြောင်းတွေ ဖေါက်နေတာဟာ ကျွန်တော်တို့စားရမဲ့ အကျိုးအမြတ်ကို သူများကျွေးလိုက်တာနဲ့ အတူတူပါဘဲ။ ဒါကြောင့် ဒီတံတားဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထွက်ကုန်တွေအတွက် အဓိကအကျဆုံး ဖြစ်လာမယ်လို့ ထင်တယ်။

နောက်တစ်ခု ကျွန်တော်တို့ ဒေသဟာ များသောအားဖြင့် သဘာဝသယံဇာတ ပေါကြွယ်ဝပြီးထွက်ရှိတဲ့ ဒေသဖြစ်ပါတယ်။ မိုင်းတုံ-မိုင်းဆတ် ကထွက်တဲ့ သစ်တွေဘယ်ရောက်သွားလဲ တရုတ်ပြည်ဘဲ၊ မယ်ခေါင်မြစ်ကြောင်းက ထွက်သွားတာ၊ နောက်ပြီး ကျွန်တော်တို့ဆီမှာဆိုရင် သတ္တုမျိုးစုံထွက်ရှိပြီး ထွက်ရှိသမျှလဲ အများအားဖြင့် တရုတ်နိုင်ငံက ၀ယ်ယူတာပါ။

နောက်ပြီး ရှမ်းအရှေ့ဒေသမှာရှိတဲ့ သတ္တုထုတ်လုပ်မှုကုမ္ပဏီတွေဟာ နာမည်သာ ခံတာများပြီး နောက်က အချိုးကျခွဲဝေမှုစနစ်နဲ့ တရုတ်တွေ တူးနေကြတာပါဘဲ။ ကျွန်တော်တို့ဆီမှ ရွှေ၊ ငွေ၊ ခဲ၊ သွပ်၊ မန်ဂ္ဂနီ၊ ခနောက်စိမ်း အကုန်ထွက်ပြီး ဘယ်သူတွေလာတူးလဲ တရုတ်တွေဘဲ။ သတ္တုထုတ်လုပ်မှုရဲ့ (၉၀%)ဟာ တရုတ်တွေပါဘဲ အချိုးကျခွဲဝေမှုစနစ်နဲ့ သူတို့က အရင်းအနှီးနဲ့ နည်းပညာစိုက်တယ် ကျွန်တော်တို့ နိုင်ငံသားတွေကတော့ ထုတ်လုပ်ခွင့်နဲ့ ဒေသဆက်ဆံရေးပေါ့။

တရုတ်တွေ နည်းပညာစိုက်တယ်ဆိုလို့ တကယ် နိုင်ငံတကာအဆင့်မှီ နည်းပညာလားဆိုတော့ မဟုတ်ပါဘူး။ တတ်ရောင်ကား နည်းပညာနဲ့ ဖြစ်သလိုလုပ်ပါ။ အခုဆို တာလေနယ် ရွှေတူးဖေါ်မှုတွေမှာ ဘယ်လို အကျိုးသက်ရောက်မှုတွေရှိနေပြီလဲ သိသာပါတယ်။ သဘာဝသယံဇာတနဲ့ မြစ်ချောင်းတွေ ဘယ်လိုအခြေအနေ ရှိနေပြီလဲသိသာပါတယ်။ တရုတ်တွေ မြန်မာနိုင်ငံကိုဝင်လာတာ ငွေထုတ်ပိုက်ပြီး မတက်တစ်ခေါက် နည်းပညာနဲ့ လုပ်ချင်သလိုလုပ် မဖြစ်တော့ လှည့်ပြန်သွားတယ်။ ဖြစ်ရင် အားလုံးသယ်သွားတယ်။

ဟုတ်ပါပြီ ဒီလို လုပ်ငန်းတွေ လုပ်နေလို့ ကျွန်တော်တို့ ဒေသကို ဘယ်လိုအကျိုးအမြတ်တွေ ရရှိသလဲပေါ့။ အားလုံးယောင်ဝါးဝါးပါဘဲ။ ကျွန်တော်တို့ဒေသရဲ့ ချမ်းသာကြွယ်ဝမှုဟာ သေသေချာချာ စဉ်းစားကြည့် မူးယစ်ဆေးဝါးကုန်သွယ်မှုက ပိုလျှံထွက်လာတဲ့ ငွေကြေးတွေနဲ့ ငွေဖြူငွေမည်းကြောင့် ပါဘဲ။သတ္တုလုပ်ငန်းကြောင့် ဒေသတစ်ခုလုံး အဆင်ပြေနေတာ မတွေ့ရပါဘူး။ ဒီလိုသာ နည်းစနစ်တကျမဖြစ်တဲ့ တရုတ်နဲ့ ယောင်းဝါးဝါး ဆက်လုပ်နေရင် ကျွန်တော်တို့ဒေသရဲ့ ဂေဟစနစ် ပျက်စီးယိုယွင်းလာမှာ သေချာပါတယ်။

နောက်ပြီး ကျွန်တော်တို့ဆီက ထွက်သမျှ သတ္တုအားလုံးကို လာအိုနိုင်ငံချစ်ကြည်ရေးတံတားပေါ်က သွင်းမယ်၊ မယ်ခေါင်မြစ်ကြောင်းက သွင်းမယ် အသေချာဆုံးပါဘဲ။ ဒါကြောင့် လာအို-မြန်မာ တံတားကြီးတည်ဆောက်မှုနဲ့အတူ ကျွန်တော်တို့ဆီမှာ မှောင်ခိုလမ်းကြောင်းတွေ မဖြစ်လာဖို့ အရေးအကြီးဆုံးက နိုင်ငံတော်အကျိုးအမြတ်နဲ့ ဒေသအတွက် အထူးစီးပွားရေးဇုန် လိုအပ်နေပြီဆိုတဲ့ အကြောင်း တင်ပြလိုက်ပါတယ်။

ဆောင်းပါးရှင် ။  ။ မင်းသုတ
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~