Update News

ဖိအားများကြားက လူငယ်အခွင့်အလမ်း နဲ့ သင်းသတ်ပညာရေးစနစ်

ဒီနေ့ ခေတ်လူငယ်တွေဟာ မနက်(၈)နာရီ အလုပ်တက် ညနေ(၅)နာရီ အလုပ်ဆင်း၊ တကယ် အိမ်ပြန်ရောက်တော့ (၆)နာရီလောက်မှ တစ်ရက်(၁၂)နာရီမှာ (၁၀)နာရီလောက် အလုပ်လုပ်နေရပြီး  နားရက်က တစ်ပါတ်(၁)ရက်တဲ့....

ဆောင်းပါး။  ။ မင်းသုတ၊ ကာတွန်း ။  ။ ဇောင်းညီ

ကျွန်တော်စဉ်းစားမိတယ်၊ ကျွန်တော်တို့ နိုင်ငံမှာ လူငယ်တွေအားလုံး ဒီအတိုင်းသာ အလုပ်ဆက်လုပ် သွားမယ်ဆိုရင် သူတို့အတွက် ကိုယ်ပိုင် အချိန်နည်းပါးတော့ သူတို့သင်ချင်တဲ့ ဘာသာရပ်တွေ၊ သူတို့သင်ချင်တဲ့ နည်းပညာတွေ၊ သူတို့ သိချင်တဲ့ အကြောင်းအရာတွေ ဘယ်လိုလေ့လာမလဲ?၊
ဒီစနစ်နဲ့ဆို သေချာတယ် ဒီအလုပ်ကို တစ်သက်လုံး ဒီမှာလုပ်ပြီး ဒီအလုပ်အကြောင်းအရာဘဲ သင်ယူဆိုတဲ့ သဘောသက်ရောက်နေတယ်။

ဒါလုပ်ငန်းခွင်ဝင်နေတဲ့ အလုပ်သမား လူငယ်တွေကိုပြောတာပါ။ အထက်တန်းပညာ သင်ယူနေတဲ့ ကလေးတွေရော ဘာထူးလဲ မနက်ကျူရှင် နေ့လည်ကျောင်းစာ၊ ညနေကျူရှင် ပြန်လာတော့လဲ အိမ်စာနဲ့ တစ်ရက်တစ်ရက် သူတို့ပတ်ဝန်းကျင်ကို လေ့လာဖို့ ပတ်ဝန်းကျင်ကို သင်ယူဖို့ အချိန်ရှားပါးကုန်တယ်။
နိုင်ငံခြားတိုင်းပြည်တွေမှာ ဆိုရင် အလုပ်တစ်ခုလုပ်ရင်း နောက်ထပ် ကိုယ်ကြိုက်တဲ့ ပညာကို သင်ယူလို့ရတယ်။

ဥပမာ ရှေ့နေလုပ်နေရင်း ဆရာဝန်ပညာ သင်ယူတယ် ပြီးတော့ သူဆရာဝန်လက်မှတ် ယူပြီး ဆေးကုတယ်၊ ဒီလုပ်ငန်းမှ မကျေနပ်ရင် လေယာဉ်မောင်း သင်တန်းတက်ပြီး လေယာဉ်မောင်းရင် မောင်းတယ်၊ သူတို့မှာ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ သင်ကြားခွင့်တွေ ရှိနေတော့ ပြောင်းလဲမှုတွေ လုပ်လို့ရတယ်၊ သင်ယူချင်တဲ့ ပညာကို လေ့လာပြီး ၀င်ခွင့်ရအောင်ဖြေလို့အောင်ရင် သင်ကြားခွင့်ရှိတယ် ။

ကျွန်တော်တို့မှာတော့ (၁၀)တန်းအောင်ရင် တက္ကသိုလ်က ချပေးတဲ့ ဘာသာရပ်ဘဲ ယူရတယ်၊ ဘာသာပြောင်းလဲ ယူရင်လည်း အမှတ်စာရင်းမှာ အခြေခံထားတဲ့အတွက် အဆင်မပြေမှုတွေနဲ့ ပြီးတော့ (၁၀)တန်းအောင်တဲ့ အရပ်ဒေသကို လိုက်ပြီး အဲ့ဒီဒေသမှာရှိတဲ့ တက္ကသိုလ်ဘဲ တတ်ခွင့်ရှိတယ်။တကယ်ဆိုရင် တက္ကသိုလ်မှာ ဘာသာရပ်အလိုက် ၀င်ခွင့်သက်သက် ဖြေဆိုခွင့်ရခဲ့ရင် အကောင်းဆုံးဘဲ လို့ထင်မြင်မိတယ်။

အထက်တန်းအောင်ရင် တက္ကသိုလ်ပညာရေးမှာ ကြိုက်တဲ့ဘာသာရပ်ကို ၀င်ခွင့်ဖြေခိုင်း။ အဲ့ဒီမှာ အဆင့်မှီရင် ပေးတက်လိုက်ပေါ့ ဒါမှ သူ့ရွေးချယ်ခွင့်ရမှာပေါ့ အခုတော့ (၁၀)တန်းမှာ အမှတ်နည်းတာနဲ့ ဆရာဝန်ဖြစ်ချင်တဲ့သူက မြန်မာစာယူပြီး ဘွဲ့လက်မှတ်အိမ်မှာချိတ် ကွမ်းယာရောင်းစားနဲ့ဆိုတော့ ဘယ်လိုလုပ် ဒီနိုင်ငံတိုးတက်တော့မလဲ၊ သဘောတရားကတော့ အထက်တန်းအောင်ရင် တက္ကသိုလ်ပညာ သင်ဖို့ ကြိုက်တဲ့ ဘာသာရပ်အတွက် ၀င်ခွင့်ဖြေနိုင်တယ်။

အခုတော့ (၁၀)တန်းမှာ စုံစီနဖာသင်ပေးလိုက်တဲ့ ပညာရပ်တွေကို သင်ကြားပြီး ကိုယ်ဘယ် ဘာသာရပ်ကို စိတ်ဝင်စားတယ် ဆိုတာကို ဝေခွဲရခက်နေတာပေါ့။ နောက်ပြီး အသက်မွေးဝမ်းကျောင်း ဘာသာရပ် ဆိုတာ ဆရာဝန်တို့၊ အင်ဂျင်နီယာတို့လို့ဘဲ ထင်နေကြတာ။ တကယ်ဆိုရင် ကိုယ်တကယ် စိတ်ဝင်စားတဲ့ ဘယ်ဘာသာရပ်မဆို လေ့လာလိုက်စားရင် အသက်မွေးဝမ်းကျောင်း ဘာသာရပ်အဖြစ် ပြောင်းလဲလို့ရပါတယ်။

 နိုင်ငံတော်ကလည်း ကျောင်းပြီးတဲ့ လူငယ်တွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ မဖန်တီးပေးနိုင်တာလည်း ပါပါတယ်။ အခုတော့ အထက်တန်းမှာ သင်ကြားခဲ့ရတဲ့ ဘာသာရပ်တွေနဲ့ တက္ကသိုလ်မှာ ဘာယူလို့ ဘာယူရမှန်း မသိဖြစ်နေကြရတယ်။ နောက်ပြီး လူငယ်တွေအတွက်
ရွေးချယ်ခွင့်ဆိုတာ အလေ့အကျင့်မရှိတော့ သူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးကို မေ့နေကြရတယ်၊ ရွေးချယ်ခွင့်ကို အသုံးချဖို့ ပြောင်းလဲမှုကိုလဲ မ၀ံ့မရဲဖြစ်နေကြတာ တွေ့ရတယ်။

ကျွန်တော် အများဆုံး ကြားမိတာကတော့ လူငယ်တွေ (၁၀)တန်းအောင်ရင် အဝေးသင်တတ်ရင်း ဘွဲ့ယူပြီး အလုပ်လုပ်တော့မယ်လို့ဘဲ ပြောသံကြားရတယ်။ လူကြီးတွေကလဲ ဘယ်ပုဒ်မတွေ ဘယ်လိုပြောင်းပြောင်း၊ ဘယ်သူ သမ္မတလုပ်လုပ် ကျွန်တော်တို့ လူငယ်တွေကို ကိုယ်ပိုင်ရွေးချယ်ခွင့် မပေးဘူး၊ ကိုယ်ပိုင် တီထွင် ဆန်းသစ်မှု၊ ကိုယ်ပိုင် တွေးခေါ်မြော်မြင်ခွင့်၊ ကိုယ်ပိုင် အယူအဆတွေ ဖော်ထုတ်ခွင့်မပေးတဲ့ ပညာရေးစနစ်ကို မပြောင်းသရွေ့ကတော့ ဒီနိုင်ငံကြီး မပြောင်းလဲဘူးဆိုတာ ရဲရဲကြီး အာမခံတယ်။ လူငယ် သင်ကြားချင်တာက အနုပညာရပ် အဖေက “မင်း အင်ဂျင်နီယာ လုပ်ရမယ် အဲ့တော့ ပြင်ဦးလွင်သွားပြီး အကောင်းဆုံး ဘော်ဒါနေ အမှတ် အကောင်းဆုံးရအောင်လုပ်”ဆိုတဲ့ မိဘရဲ့ဖိအား၊ တက္ကသိုလ်ရဲ့ ဘယ်အမှတ် ဘယ်လောက်ရမှ ဘယ်ဘာသာရပ်ကို သင်ယူခွင့်ရမယ်ဆိုတဲ့ ဖိအားတွေကို မပြင်သရွေ့တော့ ဒီနိုင်ငံကြီး တိုးတက်မှာမဟုတ်ဘူး။

နိုင်ငံတော် တိုးတက်ပြောင်းလဲဖို့ဆိုတာ အဓိက လူငယ်တွေရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးကြီးပါတယ်။ ဒီလူငယ်တွေကို နေရာမပေးဘဲ လူကြီးတွေဘဲ ငါတတ်တယ်၊ ငါသိတယ် မင်းတို့ ငယ်ပါသေးတယ်ဆိုတဲ့ စိတ်ဓါတ်တွေနဲ့ သွားနေရင်တော့ ဘာမှထူးခြားလာမှာ မဟုတ်ဘူး၊ လူငယ်တွေကို အခွင့်အလမ်းပေးပြီး သူတို့ရဲ့ အမှားအယွင်းတွေပေါ်မှာ စေတနာနဲ့ လိုက်လံပြုပြင်ပေးရင် ပိုမိုကောင်းမွန်လာမယ်နဲ့တူတယ်။ ကျွန်တော်တို့ လူငယ်တွေဟာလဲ သင်ယူမှုဆိုတာကို ခေတ်ရေစီးကြောင်းပေါ်က ပညာရပ်တွေကို သင်ကြားနေရုံနဲ့ မပြီးပါဘူး ဒီပညာရပ်တွေဆိုတာလဲ ရှေ့ရှေ့က ပညာရှိတွေ ကောင်းသထက် ကောင်းအောင် ပြုပြင်လာတဲ့ ပညာရပ်တွေဖြစ်တာမို့ ကျွန်တော်တို့ အဘိုးအဘေးတွေ လေ့လာခဲ့တာကို လဲလေ့လာဖို့ လိုအပ်ပါတယ်။

လူကြီးတွေရဲ့ သင်ကြားပြသမှုကို လက်ခံပြီး ကိုယ့်မှာရှိတဲ့ အရည်အချင်းနဲ့ ပြုပြင်ပြောင်းလဲမှ ကောင်းမွန်တဲ့ ရလာဒ်ကိုရရှိမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပညာရေးနဲ့ ပတ်သက်ရင် ကွာဟချက်က ပညာကို ငွေကြေးနဲ့ ၀ယ်ယူသင်ကြားနေရခြင်းဘဲ၊ ကောင်းမွန်တဲ့ ပညာရေးကို လိုချင်ရင် ငွေကြေးရင်းနှီးမှု ပြုလုပ်ပြီး သင်ယူချင်မှရမယ်။

ဒီလိုဖြစ်နေတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ချို့တဲ့နွမ်းပါးတဲ့ လူငယ်တွေအတွက် ဒီပညာရေးဟာ သူတို့နဲ့ မဆိုင်သလိုဖြစ်နေတယ်။ ကွန်ပျူတာ သင်တန်းတတ်ချင်ရင် သင်တန်းကြေး အနည်းဆုံး ကျပ်(၁)သိန်းလောက်ပေးနိုင်မှ အခြေခံကွန်ပျူတာ သင်ခွင့်ရှိမယ်။

ဒီလိုဘဲ အဆင့်မြင့်တဲ့ ပညာရပ်တွေဆိုလဲ ဒီထက် ပိုမိုတဲ့ငွေကြေးနဲ့မှ တတ်နိုင်မယ့် အခြေအနေ ဖြစ်နေတာကြောင့် လူငယ်တွေမှာ အခက်အခဲတွေ ဖြစ်နေရတယ်။ (၁၀)တန်းအောင်ဖို့တောင် ကျူရှင်တွေ၊ ဘော်ဒါတွေတက်ပြီး အောင်မြင်အောင် မနည်း ကြိုးစားနေရတဲ့ အခြေအနေကို တွေ့မြင်ရတယ်။

ပညာရေးက ခက်ခဲနေလို့လား ဆိုတော့ မဟုတ်ပါဘူး။ ပညာရေးမှာ အခြေခံကျတဲ့ တွေးခေါ်သုံးသပ်မှု၊ လွတ်လပ်စွာ ဝေဖန်ပိုင်းခြားနိုင်မှုတွေကို ကျောင်းမှာ သင်ကြားခွင့်မရရှိခဲ့ဘဲ ဒါကျက် ဒါဖြေဆိုတာနဲ့ ကျင်လည်ခဲ့ရတော့ ပြဿနာတစ်ရပ်ကို ဝေဖန်ပိုင်းခြားရဲတဲ့ စိတ်ဓါတ်တွေ နည်းပါးလာရတာပေါ့။

တကယ်တော့ ခေတ်တစ်ခေတ်ရဲ့ ပညာသင်းသတ်ခြင်းခံလိုက်ရတဲ့ သားကောင်တွေဖြစ်ခဲ့ရတာပါ။ နိုင်ငံရဲ့ စီးပွားရေး အခြေအနေအရ သူတို့ရဲ့ တီထွင်ဆန်းသစ်မှုတွေကို မထောက်ပံ့နိုင်တာလည်း ပါပါတယ်။ သူများနိုင်ငံက ကျောင်းတွေမှာဆို သုတေသန လုပ်ငန်းတွေကို အကြီးအကျယ် လုပ်ကိုင်နေတဲ့အချိန် ကျွန်တော်တို့ဆီက တက္ကသိုလ်မှာ လက်တွေ့ခန်းဝင်ရင် ပစ္စည်းတစ်ခု ပျက်ရင်ဘယ်လောက်၊ လက်တွေ့ ခန်းကြေးဘယ်လောက်၊ ဆိုတာနဲ့ဆိုတော့ လူငယ်တွေ စိတ်မ၀င်စားတော့ဘူး။ လုပ်ဖို့လဲ ငွေကြေးအခြေအနေနဲ့ မဖြစ်နိုင်တာတွေလည်း ရှိတာပေါ့ဗျာ။

ကျွန်တော်ငယ်ငယ်က ကိုယ်တိုင်ကြုံတွေ့ခဲ့တာပါ။ တက္ကသိုလ်မှာ လူကြီးလာလို့တဲ့ တွေ့တဲ့ ကျောင်းသားတွေ အားလုံး ကွန်ပျူတာခန်းထဲမှာ ထိုင်ခိုင်းထားတယ် ကွန်ပျူတာဖွင့်ပေးထားတယ် သင်ကြားမှုနဲ့ ပတ်သက်တာ ဘာမှမရှိဘူး။ ကျောင်းသားတွေက ကွန်ပျူတာရှေ့သာ ထိုင်နေတာ (mouse)ကို ဘယ်လိုကိုင်ပြီး ခလုတ်ဘယ်လိုနှိုပ်ရမယ်ဆိုတာတောင် နားမလည်ဘူး၊ ပိုဆိုးတာက အားလုံးပြန်လို့ရပြီ ကွန်ပျူတာတွေပိက်သွားတဲ့ ကွန်ပျူတာဘယ်လို ပိတ်ရမှန်းတောင် နားမလည်တဲ့ ကျောင်းသားတွေပါတယ်။

ဒါအထက်တန်းကျောင်းသား အဆင့်မဟုတ်ဘူး၊ တက္ကသိုလ်ကျောင်းသား အဆင့်မှာဖြစ်နေတာနော်။ ဒီလိုဆို နိုင်ငံတကာက Research လုပ်ထားတဲ့ Data တွေရှာဖွေရမယ်ပြီးရင် ကိုယ်တိုင်လုပ်ရမယ်ဆို ပိုဆိုးကုန်မှာပေါ့။

ကျွန်တော်တို့ နိုင်ငံမှာ လက်လှမ်းမှီတဲ့ အဆင့်မြင့် ပညာရေးစနစ် ဖန်တီးပေးနိုင်မှုနဲ့ လက်တွေ့ လုပ်ငန်းခွင် ၀င်နိုင်ဖို့ အခွင့်အရေးတွေ ဖန်တီးပေးနိုင်ဖို့ အရေးကြီးတယ်။ စင်္ကာပူမှာဆို ဘယ်ကျောင်းပြီးရင် အလုပ်ရမယ်ဆိုတာတွေ၊ ဘယ်ကျောင်းအတွက် အလုပ်ဖန်တီးမှုနေရာ ဘယ်လောက်ရှိတယ်ဆိုတာ တွေကြားရပေမယ့် ကျွန်တော်တို့ဆီမှာ အင်ဂျင်နီယာကျောင်းပြီးလို့ လက်တွေ့ လုပ်ငန်းခွင်ဝင်ဖို့ အခွင့်အရေးကို ကိုယ်တိုင် လိုက်ရှာနေရတယ်။ အလုပ်တွေကလဲ အင်ဂျင်နီယာ တစ်ယောက်ကို တစ်လ (၂)သိန်းလောက်ပေးဖို့ သူမှာ လုပ်ငန်းအတွေ့အကြုံမရှိတာနဲ့ မပေးနိုင်ဘူးတဲ့။  ဒါဆို ကျွန်တော်တို့နိုင်ငံက သင်ကြားပေးတဲ့ အင်ဂျင်နီယာပညာရေးကို မြောင်းထဲလွှင့်ပစ်ဖို့ဘဲ ရှိတော့တယ်။

အခုကြားပြန်ပြီ တိုင်ရင်းသား ဘာသာစကားသင်ကြားနိုင်ရမယ်တဲ့။ တကယ်စဉ်းစားကြည့်ရင် ကျွန်တော်တို့ အင်္ဂလိပ်ဘာသာနဲ့ ပြဌာန်းထားတာကိုတောင် မြန်မာလိုကောင်းကောင်း နားမလည်နိုင်တဲ့ အခြေအနေမှာ တိုင်းရင်းသား ဘာသာစကားနဲ့ဆို ပိုဆိုးပြီပေါ့။

Google မှာ တစ်ခြားဘာသာစကားကို တိုက်ရိုက်ဘာသာပြန်လို့ရနေတဲ့ အခြေအနေမှာ မြန်မာလို့ မရသေးဘူး။ ပြောရင်တော့ Language Source မှာ အားနည်းနေတာပါတဲ့။ ကျောင်းသားဗဟိုပြု သင်ကြားရေးလို့ ပြောနေပေမယ့် ကျောင်းသားတွေကို လေ့လာသင်ကြားတတ်အောင် ပြုပြင်ပေးဖို့ အရေးကြီးဆုံးပါ။

အရေးကြီးဆုံးက လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးနိုင်မှုနဲ့ သင်ကြားရေးမှာ ဖိအားလျှော့ချပေးနိုင်မှု၊ မိဘများရဲ့ဖိအားလည်းပါပါတယ်၊ လွတ်လပ်တဲ့ သင်ကြားခွင့်၊ နည်းလမ်းမှန်တဲ့ ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်ဖြစ်ဖို့ အရေးအကြီးဆုံးလို့ ထင်မြင်ယူဆမိပါကြောင်း တင်ပြ လိုက်ရပါတယ်။

ဆောင်းပါးရှင်။   ။ မင်းသုတ

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~ ကြော်ငြာ ~~~~~~~~~
« PREV
NEXT »