တာချီလိတ်မြို့၌ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးဆွေးနွေး

တာချီလိတ်မြို့၌ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးဆွေးနွေး
ဧပြီ 5, 2014
By Tachileik News Agency
တာချီလိတ်မြို့တွင် မင်းခေတ်သစ်သတ္တုတူးဖော်ရေးကုမ္ပဏီ မှ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် ဧပြီလ(၄)ရက် မွန်းလွဲ (၂)နာရီက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ သက်ဆိုင်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။

ရှေးဦးစွာ မင်းခေတ်သစ်ကုမ္ပဏီမှ အမှုဆောင် အင်ဂျင်နီယာ ဦးလှသွင်က စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာတွင် “ကျောက်မီးသွေးစက်ရုံကို (၁၀)မဂ္ဂါဝပ် စက်နှစ်လုံး တပ်ဆင်မည်ဖြစ်ကြောင်း၊ စက်ရုံကို မိုင်းဟဲကျေးရွာအုပ်စု၊ ကျောက်လိုဏ်ဂူကျေးရွာအနီးတွင် တည်ဆောက်မှာ ဖြစ်ကြောင်း၊ စက်ရုံဧရိယာ (၂၅)ဧက၊ ၀န်ထမ်းအိမ်ရာ (၁၅)ဧက၊စုစုပေါင်းဧရိယာ (၄၀) ဧကဖြစ်ကြောင်း၊ စက်ရုံပြီးစီးပါက တာချီလိတ်မြို့တွင်းသာမက အနီးအနား ပတ်ဝန်းကျင် ကျေးရွာများပါ ဓာတ်အားပေးမည်ဖြစ်ကြောင်း၊ စက်မှုဇုန်များလည်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊လူသားအရင်းအမြစ်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စသည်ဖြင့် ရှင်းလင်း တင်ပြသည်။

ဆက်လက်ပြီး မြန်မာ့သယံဇာတနှင့် ပတ်ဝန်းကျင်ကုမ္ပဏီ(REM)မှ ဒါရိုက်တာ ဦးဇော်နိုင်ဦးက စီမံကိန်းအား ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လေ့လာဆန်းစစ်မည့် အချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာသူများမှ ဓာတ်အားခနှုန်းထားသည် လက်ရှိနှုန်းထားထက် လျော့နည်းမှုရှိ/မရှိ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိ/မရှိ၊ ဓာတ်အားပေးနိုင်မည့် အချိန်ကာလ ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်မှုရှိမရှိ စသည်ဖြင့်မေးမြန်းရာ ဓာတ်အားခနှုန်းထားနှင့်ပတ်သက်၍ ၀န်ကြီးဌာနမှ သတ်မှတ်သည့်နှုန်းထားဖြင့် ကောက်ခံမည်ဖြစ်ကြောင်း စသည်ဖြင့် ဖြေကြားသည်။ အဆိုပါကိစ္စများနှင့် ပတ်သက်၍ ယခုလို တွေ့ဆုံဆွေးနွေးပွဲကို ထပ်မံ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ/သတင်း။        ။ မောင်ဆွေငြိမ်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~