ထားဝယ်ခရိုင်ကို စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးအဖွဲ့များပူးပေါင်းတိုက်ခိုက်

ထားဝယ်ခရိုင်ကို စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးအဖွဲ့များပူးပေါင်းတိုက်ခိုက်

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်တွင် ၂၀၂၄ ခုနှစ် ဧပြီလနောက်ဆုံးပတ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်​မြောက်​ရေးတပ်မ​တော်-KNLA၊ ဒေါင်းညီနောင်စစ်ကြောင်း၊ ထားဝယ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (Dawei Defense Team)တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ (၁၄)ဦးသေဆုံးသည်ဟု သိရသည်။

ထားဝယ်ခရိုင်အတွင်းသို့ ဧပြီလ (၂၂)ရက်နေ့ ညပိုင်းတွင် အင်အား (၈၀)ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်နှင့် ဧပြီလ (၂၄)ရက်နေ့တွင် ဝင်းဝစခန်းမှထွက်လာသည့် စစ်ကြောင်းတို့ ပူးပေါင်းစစ်ကြောင်းထိုးကြရာ ၎င်းတို့စခန်းချရာနေရာများနှင့် လမ်းတလျှောက်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်ဖွဲ့မှ စုစုပေါင်း (၁၄)ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းနှင့် Dawei Defense Team တို့က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ဧပြီလ (၂၄)ရက်နေ့မှာပင် ထားဝယ်ခရိုင်အတွင်း ထိုင်းနိုင်ငံနှင့်နယ်စပ်တွင်ရှိနေသည့် မောထာရွာ စစ်ကောင်စီရှေ့တန်းခြေကုပ်စခန်းအား ကရင်အမျိုးသားလွတ်​မြောက်​ရေးတပ်မ​တော် -KNLA နှင့် ဒေါင်းညီနောင်စစ်ကြောင်းတို့ပူးပေါင်းအဖွဲ့က သိမ်းဆည်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သိရသည်။

ထားဝယ်ခရိုင်အတွင်း စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်သည် ၎င်းတို့စစ်ကြောင်းထိုးစဉ်အတွင်း ဆင်ကုန်းကျေးရွာမှ နေအိမ် (၃)လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့သည့်အပြင် ချောင်းချောက်ရွာတွင်လည်း  ဘုန်းကြီးကျောင်းအတွင်း တပ်စွဲခဲ့ကြကြောင်း သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း၏ ဂျီနီဗာ နိုင်ငံတကာသဘောတူစာချုပ်အရ ပဋိပက္ခဖြစ်ပွားရာဒေသများရှိ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများသည် ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာပိုင်ဆိုင်မှုများကို လေးစားလိုက်နာရန်နှင့် ဘာသာရေး၊ ပညာရေး၊ သိပ္ပံနှင့် အနုပညာအပါအဝင် သမိုင်းဝင်အထိမ်းအမှတ် အဆောက်အအုံများကို စစ်ရေးဆိုင်ရာရည်ရွက်ချက်များဖြင့် အသုံးမချရဟု ကန့်သတ်ထားပြီး  မြန်မာနိုင်ငံသည် ကုလအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်။

#TachileikNewsAgency