ရေစကြိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား (၂)ဦး သေဆုံး

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား (၂)ဦး သေဆုံး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား (၂)ဦး သေဆုံးပြီး (၃)ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

မေလ (၂) ရက်နေ့ နေ့လယ် (၁၂) နာရီခန့်တွင် ရေစကြိုမြို့နယ် တောင်အိုတာတိုင် စစ်ဆေးရေးဂိတ်မှ ထွက်လာသည့် အင်အား (၅၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား မုံညင်းကျေးရွာနှင့် သော်ကဲဘကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တိုက်ခိုက်မှုကြောင့် ရှေ့ပြေးမိုင်းရှင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးအနက် (၂)ဦး သေဆုံးခဲ့ပြီး (၃)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခြင်းပင်မပြုလုပ်နိုင်ပဲ မုံညင်းကျေးရွာမှတဆင့် ခလရ ၂၅၆ တပ်ထဲသို့ ဒဏ်ရာရရှိထားသည့်စစ်သားများအား ပြန်လည်သယ်ဆောင်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် (ပကဖ)နှင့်အတူ ပခုက္ကူခရိုင် တပ်ရင်း အမှတ် (၉)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency