အငြိမ်းစားစစ်မှုထမ်းများ တာဝန်ပြန်လည်ထမ်းဆောင်ရမည့် အမိန့်ညွှန်ကြားချက်ကြောင့် စစ်မှုထမ်းဟောင်းမိသားစုဝင်များ စိုးရိမ်ပူပန်နေ

အငြိမ်းစားစစ်မှုထမ်းများ တာဝန်ပြန်လည်ထမ်းဆောင်ရမည့် အမိန့်ညွှန်ကြားချက်ကြောင့် စစ်မှုထမ်းဟောင်းမိသားစုဝင်များ စိုးရိမ်ပူပန်နေ

အငြိမ်းစားစစ်မှုထမ်းများ တာဝန်ပြန်လည်ထမ်းဆောင်ရမည့် အမိန့်ညွှန်ကြားချက်ကို ၂၀၂၄ခုနှစ် ဧပြီလ (၁၂)ရက်နေ့တွင် စစ်ကောင်စီမှ ထုတ်ပြန်ခဲ့ပြီးနောက် စစ်မှုထမ်းဟောင်းမိသားစုဝင်များ စိုးရိမ်ပူပန်နေကြောင်း မိသားစုဝင်များထံမှ သိရသည်။

စစ်ကောင်စီ၏ ညွှန်ကြားချက်အရ အသက် (၆၇)နှစ်မကျော်သေးသည့် ကျန်းမာရေးကောင်းမွန်သည့် အငြိမ်းစားစစ်မှုထမ်းများအားလုံး စစ်တပ်တွင် ပြန်လည်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကာ အသက် (၅၅)နှစ်အောက်ဆိုလျှင် လှုပ်ရှားစစ်ဆင်ရေးအဖြစ် ရှေ့တန်းတွင် တာဝန်ပြန်လည်ထမ်းဆောင်ရနိုင်ပြီး အသက် (၅၅)နှစ်မှ (၆၇)နှစ်ကြားဖြစ်ပါက စစ်တပ်စခန်းများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်ဖော်ပြခဲ့သည့် စစ်ကောင်စီ၏ လျှို့ဝှက်အမိန့်ညွှန်ကြားချက်အရသိရသည်။

“အဖေ့ကိုတာဝန်ပြန်မထမ်းစေချင်ဘူး၊ စစ်မှုထမ်းပြန်ခေါ်တယ်ဆိုတည်းက ရှေ့တန်းရောက်ဖို့က ၉၀ ရာခိုင်နူန်းပဲ။ သူတို့ဘက်က ဘယ်လိုပဲ ချွေးသိပ်ချွေးသိပ် တစ်ကယ်က ရှေ့တန်းလွှတ်ဖို့ပဲ။ တချို့ဆိုရင် မိသားစုတောင်မသိလိုက်ရပဲ သေသွားတဲ့စစ်သားတွေအများကြီးရှိသလို ၊ အဆက်အသွယ်လုံးဝမရတဲ့ စစ်သားတွေလည်းရှိတယ်။ ဒါတွေက မျက်မြင်ကိုယ်တွေ့ပဲ။ ဒီလိုအခြေအနေမှာ ပြန်ထည့်ပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး”ဟု စစ်တပ်တွင် နှစ် ၂၀ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် စာရေးကြီးတစ်ဦး၏ သမီးဖြစ်သူ မခင်ချမ်းမြေ့ (အမည်လွဲ)မှ Tachileik News Agency သို့ပြောသည်။

စစ်ကောင်စီမှ စစ်မှုထမ်းဟောင်းများအနေဖြင့် တာဝန်ပြန်လည်ထမ်းဆောင်ရန် ငြင်းဆန်ပါက အငြိမ်းစားအကျိုးခံစားခွင့်များကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“အဖေ တာဝန်ပြန်မထမ်းဆောင်ရင် ပင်စင်စာအုပ် ပြန်သိမ်းမယ်ပြောတယ်၊ သိမ်းလည်းသိမ်းပေါ့ မက်စရာဘာရှိလို့လဲ”ဟု မခင်ချမ်းမြေ့မှ ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့မှ အငြိမ်းစားယူထားသည့် စစ်မှုထမ်းဟောင်းများမှာ အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ လူကြီးရောဂါအမျိုးမျိုး အနည်းနှင့်အများရှိနေကြပြီး စစ်ကောင်စီမှ ကျန်းမာရေးအရ မည်သို့ချွင်းချက်ပေးမည်ကို သိရှိနိုင်ခြင်းမရှိသဖြင့် စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

နိုင်ငံအနှံ့တွင် စစ်မျက်နှာအသီးသီးဖြင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် တပ်သားလိုအပ်ချက်မြင့်တက်လျှက်ရှိပြီး စစ်မှုထမ်းဥပဒေ ဖော်ဆောင်ကာ အသက်အပိုင်းအခြားဖြင့် တစ်နိုင်ငံလုံးစစ်မှုထမ်းဆောင်ရန် ဆောင်ရွက်ခဲ့ပြီးနောက် အတွေ့အကြုံရှိသည့် အငြိမ်းစားစစ်မှုထမ်းများကို တာဝန်ပြန်လည်ထမ်းဆောင်စေရန် ဆောင်ရွက်လာခြင်းဖြစ်သည်။

#TachileikNewsAgency