၄၄လမ်းဖြစ်စဉ်မှ ဖမ်းခံရသူနှစ်ဦး ပြင်ပဆေးရုံတွင် ဆေးကုသခွင့်မရ  

၄၄လမ်းဖြစ်စဉ်မှ ဖမ်းခံရသူနှစ်ဦး ပြင်ပဆေးရုံတွင် ဆေးကုသခွင့်မရ  

ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် (၄၄)လမ်း ဖြစ်စဉ်အတွင်း တိုက်ပေါ်က ခုန်ချခဲ့ကြသည့် ရဲဘော်များအနက် ထောင်ဒဏ် (၁၂)နှစ်ချခံထားရသူ (၂)ဦးကို စစ်ကောင်စီက ဆေးကုသခွင့်မပေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရသည်။

ပုဒ်မ ပေါက်ကွဲ(၃/၅)နှင့် (၃/၆)တို့ဖြင့် ထောင်ဒဏ် (၁၂)နှစ် ကျခံနေကြရသည့် နိုင်ငံရေးအကျဉ်းသား ကိုဝေယံထက်နှင့် ကိုမင်းသစ္စာ‌မောင်(ခ)ကိုဗလတို့ နှစ်ဦးသည် ပြင်ပဆေးရုံတွင် ဆေးဝါးကုသခွင့်မရရှိဘဲ ထောင်တွင်း၌ မတရားအကျဉ်းချခံထားရသည်ဟု သိရသည်။

၎င်းတို့သည် (၄၄)လမ်းဖြစ်စဉ်က ဖမ်းဆီးရမိသူများဖြစ်၍ အပြင်ဆေးရုံတွင် ကုသခွင့်မရခြင်းဖြစ်ကြောင်း သိရသည်။ 

နိုင်ငံရေးအကျဉ်းသား ကိုဝေယံထက်သည်တိုက်ပေါ်က ခုန်ချစဉ် ခြေထောက်အောက်ပိုင်း ထိခိုက်ခဲ့သည့်အတွက် ဝှီးချဲနှင့် သွားလာနေထိုင်နေရသူဖြစ်သည်။

လက်ရှိတွင် ခြေထောက်နှစ်ဘက်စလုံးကျိုးပြီး ကိုယ်ခန္ဓာအောက်ပိုင်း ခြေချောင်းများ လှုပ်ရှားမရဘဲ ပေါင်အရိုးများလည်း ကြေမွသွားခဲ့ရသည့်အတွက် စတီးချောင်းနှင့် မူလီကြပ်ထားရသည်ဟု သိရသည်။

ကိုဝေယံထက်သည် အကျဉ်းထောင်ဆေးရုံတွင်‌ နေခွင့်ရသော်လည်း အကျဉ်း‌ထောင်၏ ဆေးဝါးစောင့်ရှောက်မှု လိုအပ်ချက် ရှိနေသည့် ယခုလို ကာလတွင် ထောင်အပြင်ဆေးရုံများကို ပို့ဆောင်ကုသပေးမှသာ ရရှိထားသည့် ဒဏ်ရာများနှင့် ခံစားနေရသည့် ဝေဒနာများ သက်သာနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

(၄၄)လမ်းဖြစ်စဉ်တွင် အတူပါဝင်ခုန်ချခဲ့သည့် နိုင်ငံရေးအကျဉ်းသား ကိုမင်းသစ္စာမောင်(ခ)ကိုဗလသည်လည်း ရရှိခဲ့သည့် ခြေထောက်နှင့် ခါးတဝိုက် ဒဏ်ရာများသည် ယခုအချိန်ထိ သက်သာခြင်းမရှိသေးဟု သိရသည်။

ကိုမင်းသစ္စာမောင်ကို အင်းစိန်‌ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် အကျဆောင်တွင်သာ ထားခဲ့ပြီး ထောင်ဆေးရုံတွင်လည်း နေထိုင်ကုသခွင့်မရကြောင်း သိရသည်။ 

လက်ရှိတွင် ကိုဝေယံထက်သည် အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းချခံထားရပြီး ကိုမင်းသစ္စာမောင်(ခ)ကိုဗလသည် သာယာဝတီထောင်၌ အကျဉ်းကျခံနေရဆဲ ဖြစ်သည်။

ကိုဝေယံထက်နှင့် ကိုမင်းသစ္စာမောင်တို့ (၂)ဦးသည် အခြားသူများနှင့်အတူ ၂၀၂၁ ခုနှစ် ဩဂုတ်လက စစ်ကောင်စီလက်အောက်ခံ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များမှ ပူးပေါင်းဖမ်းဆီးခြင်း ခံခဲ့ရသူများဖြစ်သည်။

ထို့နောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ပေါက်ကွဲ(၃/၅)နှင့် (၃/၆)အမှုတို့ဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးမှ ထောင်(၁၂)ချမှတ်ခံခဲ့ရသည်။

၄၄ လမ်းရှိ အခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသဖြင့် လူငယ်များ တိုက်ပေါ်မှ ခုန်ချထွက်ပြေးရာ မပန်းသီးအပါအဝင် သေဆုံးသူ(၂)ဦး၊ ဒဏ်ရာရသူ(၃)ဦးနှင့် ဖမ်းဆီးခံရသူ(၃)ဦး ရှိခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

#TachileikNewsAgency

Photo: Political Prisoners Network - Myanmar