ရုရှားနိုင်ငံ မော်စကိုမြို့အနီး ဂီတဖျော်ဖြေပွဲအတွင်း ‌သေနတ်သမားများ၏ တိုက်ခိုက်မှုကြောင့် လူ (၆၀) ကျော် သေဆုံး၊ အိုင်အက်စ်က ၎င်းတို့ လုပ်ဆောင်ခဲ့ဟုဆို

ရုရှားနိုင်ငံ မော်စကိုမြို့အနီး ဂီတဖျော်ဖြေပွဲအတွင်း ‌သေနတ်သမားများ၏ တိုက်ခိုက်မှုကြောင့် လူ (၆၀) ကျော် သေဆုံး၊ အိုင်အက်စ်က ၎င်းတို့ လုပ်ဆောင်ခဲ့ဟုဆို
By Mr John

ရုရှားနိုင်ငံ မော်စကိုမြို့တော်အနီးရှိ နာမည်ကြီး ကဇာတ်ရုံတစ်ခုတွင် ဂီတဖျော်ဖြေပွဲ ကျင်းပနေစဥ် သေနတ်သမားများ၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ (၆၀) ကျော် သေဆုံးပြီး (၁၄၅) ဦး ဒဏ်ရာရခဲ့သည်။ 

၂၀၂၄ ခုနှစ် မတ်လ (၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့ (Islamic State) က ၎င်းတို့နှင့် ဆက်နွယ်သည့် Amaq သတင်းဌာန Telegram တွင် ထုတ်ဖော်ပြောဆိုထားသည်။

ထိုင်ခုံ (၆,၂၀၀) ရှိသည့် Crocus City Hall တွင် ကျင်းပသော ဆိုဗီယက်ခေတ် ရော့ခ်တေးဂီတအဖွဲ့ "Picnic" ၏ သီဆိုဖျော်ဖြေပွဲ မစတင်မီ သေနတ်သမားများက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

ရုရှားအစိုးရသတင်းဌာန RIA Novosti ၏ အဆိုအရ လက်နက်ကိုင်များက အော်တိုမက်တစ် သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြပြီး လက်ပစ်ဗုံး သို့မဟုတ် မီးလောင်ဗုံးတစ်လုံး ဖောက်ခွဲမှုကြောင့် မီးလောင်မှု အကြီးအကျယ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို (၆) နာရီကျော်ကြာပြီးနောက် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။ 

သေနတ်သမားများက ဂီတဖျော်ဖြေပွဲခန်းမအတွင်း ဝင်ရောက်တိုက်ခိုက်ပြီးနောက် အဖြူရောင် Renault ကားတစ်စီးဖြင့် ထွက်ပြေးသွားကြောင်း RIA Novosti သတင်းက ဆိုသည်။

 ဂီတဖျော်ဖြေပွဲခန်းမ၏ အမိုး တစ်စိတ်တစ်ပိုင်း ပြိုကျသွားခဲ့ကြောင်း ရုရှားအစိုးရသတင်းဌာန Russia 24 က ဖော်ပြသည်။ 

အစွန်းရောက်များက မော်စကိုမြို့တွင် တိုက်ခိုက်မှု တစ်ခုလုပ်ရန် စီစဥ်နေကြောင်း ရုရှားနိုင်ငံရှိ အမေရိကန်သံရုံးက သတိပေးခဲ့ပြီးနောက် သီတင်း (၂) ပတ်မျှအကြာတွင် ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခုဖြစ်ရပ်မှာ ရုရှားနိုင်ငံတွင် ၂၀၀၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် Beslan စာသင်ကျောင်း စီးနင်းခံရပြီး ဓားစာခံများ ဖမ်ဆီးခံရသော အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း လူသေဆုံးမှု အများဆုံး တိုက်ခိုက်မှု ဖြစ်လာသည်။ 

၂၀၀၄ Beslan စာသင်ကျောင်း ဖြစ်စဥ်တွင်လည်း အစ္စလာမ်မစ် စစ်သွေးကြွများက ကလေးငယ်ရာနှင့်ချီ အပါအဝင် လူ (၁,၀၀၀) ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့သည်။ 

၂၀၀၄ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့ပြီး (၃) ရက်ကြာခဲ့သော ထိုဖြစ်စဥ်အတွင်း လူ (၃၃၄) ဦး သေဆုံးခဲ့ရာ ကလေးငယ် (၁၈၆) ဦး ပါဝင်သည်။ စစ်သွေးကြွ (၃၁) ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။

 

Source: Reuters, CNN