တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် 

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် 

 ပဲခူးတိုင်း၊ တောင်ငူလေတပ်စခန်းကိုရှော့တိုက်ဒုံး(၅)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)ထံမှ သိရသည်။

အဆိုပါ လေတပ်စခန်းကို  ၂၀၂၄ခုနှစ် မတ်လ(၁၄)ရက်နေ့ ညပိုင်းက (၁၀၇)မမ  ရှော့တိုက်ဒုံး(၅)လုံးဖြင့် ပစ်ခတ်ခဲ့ရာ (၃)လုံးကျရောက်ပေါက်ကွဲပြီး (၂)လုံးမှာ ပစ္စည်းချို့ ယွင်းမှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ 

တောင်ငူလေတပ်စခန်းသည် တောင်ပိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများကို လေကြောင်းဖြင့် တိုက်ခိုက်ရာတွင် အသုံးပြုသော စစ်ကောင်စီ၏ အဓိကလေတပ်စခန်းတစ်ခုဖြစ်ပြီး ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်နီဒေသ၊ ရှမ်းပြည်တောင်ပိုင်းနှင့် ကချင်ပြည်နယ်တို့ အပါအဝင် နိုင်ငံတဝှမ်းရှိ ကလေးသူငယ်ပါ မကျန် ပြည်သူများအား ရက်စက်နေသော စစ်ကောင်စီလေတပ်၏ ယုတ်မာမှုကို လက်တုန့်ပြန်သောအားဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Brave Warriors for Myanmar-BWM က ထုတ်ပြန်ထားသည်။ 

တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေတပ်စခန်းထိခိုက်ပျက်စီးမှုနှင့် စစ်ကောင်စီတပ်သားများ ထိခိုက်မှုအခြေအနေကိုမူ မသိရသေးပါ။