ထူးထူးခြားခြား (၃)နှစ်ကြာမည့် ကမ္ဘာပတ် အပျော်စီးသင်္ဘော ခရီးစဥ် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စတင်မည်

ထူးထူးခြားခြား (၃)နှစ်ကြာမည့် ကမ္ဘာပတ် အပျော်စီးသင်္ဘော ခရီးစဥ် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စတင်မည်
စက်တင်ဘာ 10, 2023 | နိုင်ငံတကာသတင်း
By Mr John

 အချိန်ကာလ (၃) နှစ်အထိ ကြာမြင့်မည့် အပျော်စီးသင်္ဘောကြီး၏ ကမ္ဘာပတ် ခရီးစဥ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စတင်မည် ဖြစ်သည်။ 

Life at Sea Cruises အပျော်စီးသင်္ဘော ခရီးစဥ်ဖြင့် မရပ်မနားတမ်း  ကမ္ဘာပတ်မည့် စိတ်ကူးကို အလွန်သဘောကျ နှစ်သက်ကြပြီး အကန့်အသတ်မဲ့ ခရီးနှင်လိုကြသည်ဟု ဆိုသည်။ 

ကုမ္ပဏီက ဖြစ်နိုင်ခြေရှိသည့် ဖောက်သည်များကို ကွင်းဆင်း မေးမြန်းခဲ့ပြီးနောက် (၃) နှစ်ကြာမည့် ကမ္ဘာပတ် အပျော်စီးသင်္ဘော ခရီးစဥ်ကို စီစဥ်ခဲ့ခြင်း ဖြစ်သည်။

ဖောက်သည်များက ကုမ္ပဏီ၏ ထိုခရီးစဥ်ကို ရင်ခုန်စိတ်လှုပ်ရှားကြသော်လည်း ၎င်းတို့ စတင် လိုက်ပါမည့်ရက်ကို မသတ်မှတ်နိုင်သေးဟု Life at Sea Cruises အပျော်စီးသင်္ဘော ခရီးစဥ် ဝန်ဆောင်မှုကို စီစဥ်သည့် Miray Cruises ကုမ္ပဏီ၏ စီအီးအို Kendra Holmes က CNN သတင်းဌာနကို ပြောသည်။

ယခု အပျော်စီးသင်္ဘော ခရီးစဥ်မှာ ဆိုက်ကပ်ပြီးသား နေရာများသို့ ပြန်မလှည့်ဘဲ ဆက်လက် လိုက်ပါသူများနှင့်အတူ နေရာသစ်များသို့ ရှေ့ဆက် ခရီးနှင်သွားမည်ဖြစ်ပြီး မဆုံးနိုင်သော အပျော်စီးသင်္ဘော ဖြစ်လာမည်ဟု Holmes က ဆိုသည်။

Life at Sea Cruises အပျော်စီးသင်္ဘော ခရီးစဥ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှ စတင်ထွက်ခွာမည်ဟု ၎င်း၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

အစ္စတန်ဘူလ်မြို့တွင် လိုက်ပါနိုင်ခြင်း မရှိသူများ အနေဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၆) ရက်နေ့၌ စပိန်နိုင်ငံ ဘာစီလိုမြို့ကနေ ဖြစ်စေ၊ နောက်တစ်ပတ်အကြာတွင် ဘဟားမားစ်ကနေ ဖြစ်စေ သို့မဟုတ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့ကနေ ဖြစ်စေ လိုက်ပါနိုင်မည်ဖြစ်ပြီး သင်္ဘောပေါ်တွင် ခရစ်စမတ်ပွဲဆင်နွှဲရန် အချိန်မီပင်ဖြစ်ကြောင်း Holmes က ပြောသည်။

ဗဟိုအမေရိကနှင့် မြောက်အမေရိကတွင် ၂၀၂၄ ခုနှစ် ပထမ (၆) လအတွင်း နောက်ထပ် (၃) နေရာ၌ အပျော်စီးသင်္ဘော ဆိုက်ကပ်မည်ဟု ဆိုသည်။ 

Life at Sea Cruises အပျော်စီးသင်္ဘော ခရီးစဥ်က ကမ္ဘာ့တိုက်ကြီး (၇) တိုက်လုံးကို ဖြတ်သန်းမည်ဖြစ်ပြီး နိုင်ငံပေါင်း (၁၄၀) နှင့် ဆိပ်ကပ်း (၃၈၂) ခုကို ရောက်ရှိမည်ဖြစ်ပြီး ရက်အားဖြင့် (၁၀၉၅) ရက် ကြာမြင့်မည်ဟု ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

Source: Life at Sea Cruises, CNN