အမေရိကန်တွင် စွန့်ပစ်ရေများကို ပြန်လည်သန့်စင် အသုံးပြုပြီး ဘီယာ ထုတ်လုပ်

အမေရိကန်တွင် စွန့်ပစ်ရေများကို ပြန်လည်သန့်စင် အသုံးပြုပြီး ဘီယာ ထုတ်လုပ်
By Mr John

အမေရိကန်နိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုက ရေချိုးခန်း၊ အိုးခွက်ပန်းကန်ဆေးကန်နှင့် အဝတ်လျှော်စက်တို့မှ ထွက်ပေါ်လာသည့် စွန့်ပစ်ရေကို ပြန်လည်သန့်စင်ပြီး ဘီယာချက်လုပ်ရာတွင် ထည့်သွင်းအသုံးပြုထားသည်။ 

ပြန်လည်သန့်စင်ထားသော စွန့်ပစ်ရေဖြင့် ချက်လုပ်ထားသည့် Epic OneWater Brew ဘီယာကို အန္တရာယ်ကင်းကင်းဖြင့် သောက်နိုင်ပြီး အလွန်သေးငယ်သော အမှုန်အမွားများကို စစ်ထုတ်နိုင်သော microfiltration နှင့် ခရမ်းလွန်ရောင်ခြည်တို့ဖြင့် အဆင့်ဆင့် ပြုပြင်သန့်စင်ထားသည်ဟု ဆိုသည်။

 

စွန့်ပစ်ရေဖြင့် ဘီယာချက်လုပ်ခြင်းမှာ ရေရှားပါးမှု ပြဿနာနှင့် ပြန်လည်အသုံးပြုနိုင်မှုကို အာရုံစိုက်မှုရစေရန်ဖြစ်ကြောင်း သိရသည်။ 

"တစ်ကမ္ဘာလုံးမှာရှိတဲ့ အဆောက်အအုံတွေက သောက်သုံးနိုင်တဲ့ရေ အားလုံးရဲ့ (၁၄) ရာခိုင်နှုန်းကို အသုံးပြုကြတယ်။ အဲဒီ အဆောက်အအုံတွေ အားလုံးနီးပါးက ဒီရေတွေကို ပြန်မသုံးကြဘူး။ ဒါကြောင့် ကျွန်တော်တို့က ပြောင်းလဲဖို့ ကြိုးစားနေတာပါ" ဟု Epic Cleantec ကုမ္ပဏီ တည်ထောင်သူနှင့် စီအီးအို Aaron Tartakovsky က ပြောသည်။

ဆန်ဖရန်စစ္စကိုမြို့ရှိ အထပ် (၄၀) ပါ ဇိမ်ခံတိုက်ခန်း အဆောက်အအုံ Fifteen Fifty မှ စွန့်ပစ်ရေကို ပြန်လည်သန့်စင်ပြီး ဘီယာချက်လုပ်ရာတွင် အသုံးပြုထားခြင်း ဖြစ်သည်။

 သို့သော် စည်းမျဥ်းများအရ ပြန်လည်သန့်စင်ထားသောရေကို စီးပွားဖြစ် အဖျော်ယမကာလုပ်ငန်းတွင် အသုံးမပြုရန် တားမြစ်ပိတ်ပင်ထားရာ Epic OneWater Brew မှာ ဈေးကွက်တွင် ရောင်းချရန်မဟုတ်ဟု ဆိုသည်။

Epic Cleantec ကုမ္ပဏီက Fifteen Fifty အဆောက်အအုံတွင် ရေကိုပြန်လည်သန့်စင်သည့်စနစ် တပ်ဆင်ထားပြီး ထိုစနစ်က ရေချိုးခန်း၊ အိုးခွက်ပန်းကန်ဆေးကန်နှင့် အဝတ်လျှော်စက်တို့မှ စွန့်ပစ်ရေများ၏ (၉၅) ရာခိုင်နှုန်းအထိကို ပြန်လည်သန့်စင်ပေးကြောင်း သိရသည်။ 

ကုမ္ပဏီက စွန့်ပစ်ရေ ဂါလံ (၂,၀၀၀) ကို အသုံးပြုပြီး ဘီယာဘူး (၇,၀၀၀) ထုတ်လုပ်ခဲ့ကြောင်းနှင့် ရောင်းချရန်မဟုတ်ဘဲ အသိပညာပေးရန်ဟု ဆိုသည်။

Source: CNN, Epic Cleantec

Photo:  Epic Cleantec