ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲအနိုင်ရပါတီ ခေါင်းဆောင် Pita ဝန်ကြီးချုပ်အဖြစ် ရွေးချယ် မခံရ

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲအနိုင်ရပါတီ ခေါင်းဆောင် Pita ဝန်ကြီးချုပ်အဖြစ် ရွေးချယ် မခံရ
ဇူလိုင် 13, 2023 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်သစ် ရွေးချယ်ခန့်အပ်ရန် အထက်လွှတ်တော် (Senate) နှင့် အောက်လွှတ်တော် (House of Representatives) လွှတ်တော်နှစ်ရပ်ပေါင်း အချေအတင် ဆွေးနွေးမှုနှင့် မဲပေးမှုကို ယနေ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၃) ရက်တွင် ပြုလုပ်ခဲ့ရာ ရွေးကောက်ပွဲအနိုင်ရ Move Forward Party (MFP) ပါတီခေါင်းဆောင် Pita Limjaroentrat က ဝန်ကြီးချုပ်ဖြစ်ရန် လိုအပ်သည့် ထောက်ခံမဲအရေအတွက်ကို မရရှိခဲ့ဘဲ (၃၀) ဦးမြောက် ထိုင်းဝန်ကြီးချုပ်ဖြစ်ခွင့်ကို လွဲချော်ခဲ့သည်။

လွှတ်တော်မဲပေးမှု ရလဒ်များအရ Pita က ထောက်ခံမဲ (၃၂၄) မဲ၊ ကန့်ကွက်မဲ (၁၈၂) မဲ ရရှိခဲ့ကြောင်းနှင့် ပျက်ကွက်မဲ (၁၉၉) ရှိခဲ့ကြောင်း သိရသည်။ 

ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်ဖြစ်ရန် အောက်လွှတ်တော်အမတ် (၅၀၀) နှင့် အထက်လွှတ်တော်အမတ် (၂၅၀) တို့ထံမှ ထောက်ခံမဲ (၃၇၆) မဲ ရရှိရန် လိုအပ်သည်။

Pita မှာ စစ်တပ်က ခန့်အပ်ထားသည့် အထက်လွှတ်တော်အမတ်များထံမှ ထောက်ခံမဲ (၁၃) မဲသာ ရရှိခဲ့ခြင်း ဖြစ်သည်။ 

ဝန်ကြီးချုပ်သစ် ရွေးချယ်ခန့်အပ်မှု မပြီးမြောက်ခဲ့ရာလာမည့် ဇူလိုင်လ (၁၉) ရက်နှင့် (၂၀)ရက်နေ့တို့တွင် လွှတ်တော်နှစ်ရပ်ပေါင်း ဒုတိယအကြိမ်နှင့် တတိယအကြိမ် မဲပေးမှုများကို ပြုလုပ်သွားရမည် ဖြစ်ကြောင်း သိရသည်။ 

ယနေ့ မဲပေးမှုတွင် လွှတ်တော်နှစ်ရပ်ပေါင်းမှ အမတ် (၇၄၉) ဦးက မဲပေးကြရသည်။ 

ထိုင်းတွင် လွှတ်တော်နှစ်ရပ်ပေါင်း အမတ် (၇၅၀) ဦးရှိသော်လည်း အထက်လွှတ်တော်အမတ် Renu Tunkachivangoon က ဝန်ကြီးချုပ်သစ် မဲပေးရွေးချယ်မည့်ရက် မတိုင်မီ အမတ်အဖြစ်မှ နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။

အထက်လွှတ်တော်အမတ် (၂၅၀) ကို ထိုင်းစစ်တပ်က ခန့်အပ်ထားပြီး အောက်လွှတ်တော်တွင်မူ ရွေးကောက်ခံလွှတ်တော်အမတ် (၅၀၀) ပါဝင်သည်။ 

ယခု လွှတ်တော်အစည်းအဝေးသို့ အထက်လွှတ်တော်အမတ် (၂၁၆) ဦးသာ တက်ရောက်ခဲ့သည်။

 

Source: Bangkok Post, Khaosod