တာလေမြို့တွင်  ကျေးရွာသုံးရေလှောင်ကန်ကို ဖျက်ဆီးသည့်  ကျာကူနီ ပြည်သူ့စစ်အဖွဲ့အား ဒေသခံများကို လျော်ကြေးပေးရန် မြို့အုပ်ချုပ်ရေးမှူးက ပြောဆိုထားသော်လည်း (၂)လကြာသည်အထိ အရေးမစိုက်

တာလေမြို့တွင်  ကျေးရွာသုံးရေလှောင်ကန်ကို ဖျက်ဆီးသည့်  ကျာကူနီ ပြည်သူ့စစ်အဖွဲ့အား ဒေသခံများကို လျော်ကြေးပေးရန် မြို့အုပ်ချုပ်ရေးမှူးက ပြောဆိုထားသော်လည်း (၂)လကြာသည်အထိ အရေးမစိုက်
မေ 27, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ပါခါးလုံ(ပါခမ်းလုံ)ကျေးရွာတွင် ကျေးရွာသုံးရေလှောင်ကန်ကို ဖျက်ဆီးသည့် စစ်ကောင်စီတပ်လက်အောက်ခံ ကျာကူနီပြည်သူ့စစ်အဖွဲ့ကို ရေလှောင်ကန်ပျက်စီးမှုအတွက် ပြန်လည်ပေးလျော်ရန် စစ်ကောင်စီလက်အောက်မှ အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ထားသော်လည်း နှစ်လကြာသည့် ၂၀၂၃ခုနှစ် မေလ(၂၇)ရက်နေ့အထိ အရာမထင်သေးကြောင်း သိရသည်။

"ဖျက်ဆီးသွားတဲ့ ပြည်သူ့စစ်အဖွဲ့ကို တာလေမြို့အုပ်ချုပ်ရေးမှူးက  ပြန်လျော်ပေးဖို့ အမိန့်ထုတ်ထားတာ (၂)လရှိပြီ အခုထိ ဘာမှ လာမလုပ်ပေးသေးဘူး။"ဟု ပန်ခမ်းလုံဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ပန်ခမ်းလုံ(ပါခါးလုံ)ကျေးရွာတွင် ကျေးရွာသောက်သုံးရေအတွက် ရေလှောင်ကန် တည်ဆောက်ကြသည့် ၂၀၂၃ ခုနှစ် မတ်လ (၂၃)ရက်နေ့ နံနက်(၉)နာရီဝန်းကျင်တွင် အဆိုပါဒေသရှိ စစ်ကောင်စီတပ်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကျာကူနီပြည်သူ့စစ်အဖွဲ့မှ (၉)ဦး ပါဝင်သည့်အဖွဲ့က လက်နက်များဖြင့် ရောက်လာကာ ရွာသူရွာသားများအား ခြိမ်းခြောက်ကာ တည်ဆောက်ဆဲရေလှောင်ကန်အား ရိုက်ခွဲဖျက်ဆီးသွားကြခြင်းဖြစ်ကြောင်း သိရသည်။

"ဦးယောန ခေါင်းဆောင်တဲ့ ကျာကူနီပြည်သူ့စစ်အဖွဲ့က လက်နက်ပါတာ (၄)ယောက်၊ လက်နက် မပါတာ (၅)ယောက် စုစုပေါင်း (၉)ယောက် ရောက်လာပြီး ရွာသားတွေကို ခြိမ်းခြောက်ပြီး ရေကန်ကို ဖျက်ဆီးသွားကြတာ။ အရက်မူးနေကြတာ။ ရွာက အုပ်ချုပ်ရေးမှူးအိမ်ထဲထိလာပြီး ခြိမ်းခြောက်သွားတာ။ ဓါတ်ပုံရိုက်တဲ့သူတွေကိုလည်း ခြိမ်းခြောက်တယ်"ဟု ဒေသခံတစ်ဦးက  ပြောသည်။

အဆိုပါ ရေလှောင်ကန်ကို ကျေးရွာက ကိုယ်ထူကိုယ်ထငွေကြေးဖြင့် တည်ဆောက်နေကြခြင်းဖြစ်ပြီး ယင်းကဲ့သို့ ခြိမ်းခြောက်ဖျက်ဆီးခံရမှုကို စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် တာလေမြို့အုပ်ချုပ်ရေးမှူးရုံးထံ ကျေးရွာဒေသခံများက တိုင်ကြားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကျေးရွာရေလှောင်ကန်အား ဖျက်ဆီးသည့် ကျာကူနီပြည်သူ့စစ်အဖွဲ့အနေဖြင့် ပြန်လည်ပေးလျော်ရန် တာလေအုပ်ချုပ်ရေးမှူးက ဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တာချီလိတ်မြို့နယ်တွင် စစ်ကောင်စီတပ်၏လက်အောက်ခံဖွဲ့စည်းထားသည့် ပြည်သူ့စစ်တပ်ဖွဲ့ပေါင်း (၃၅)ဖွဲ့ရှိပြီး တစ်ဖွဲ့လျှင် အမာခံအနေဖြင့် (၁၀)ဦးဝန်းကျင်နှင့် အရန်မှာ (၂၀)ဦးနှင့်အထက်ရှိရာ တာချီလိတ်မြို့နယ်၏ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အင်အားမှာ တာချီလိတ်ခရိုင်တစ်ခုလုံးအတွက် ရဲတပ်ဖွဲ့ဝင် အင်အားထက် နှစ်ဆပိုများခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင်း ရပ်ကွက်များ အပါအဝင် မြို့နယ်တွင်းရှိ ကျေးရွာအုပ်စုများတွင် လက်နက်ကိုင်ပြည်သူ့စစ်အဖွဲ့များကို ဖွဲ့စည်းထားရှိပြီး မြို့တွင်းထက် ကျေးရွာအုပ်စုများတွင် အင်အားပိုများခြင်းဖြစ်သည်။

အဆိုပါ ပြည်သူ့စစ်အဖွဲ့များကို အာဏာမသိမ်းမီကာလများကတည်းက ဖွဲ့စည်းထားခြင်းဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးကာလတွင် အဆိုပါအဖွဲ့များ၏ အင်အားစာရင်းများ ပြန်လည်စစ်ဆေးခြင်းနှင့် ထောက်ပံ့ခြင်းများ ပြုလုပ်ကာ ရပ်ဝေးထိလိုက်ပါနိုင်မည့်စာရင်းများကို စစ်တပ်က ကောက်ခံထားကြောင်း သိရသည်။