အလုပ်အကိုင်အတွက် ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့သည့် မြန်မာ (၄၂) ဦး ဖမ်းဆီးခံရ

အလုပ်အကိုင်အတွက် ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့သည့် မြန်မာ (၄၂) ဦး ဖမ်းဆီးခံရ
By Mr John



 

အလုပ်အကိုင်ရှာဖွေရန် မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ဆောင်ခလာခရိုင်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူ (၄၂) ဦး ဖမ်းဆီးခံရကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ သံသယဖြစ်ဖွယ် လူအုပ်စုတစ်ခုကို Song Kalia ကျေးရွာရှိ သစ်တောဧရိယာတစ်ခုတွင် တွေ့ရှိရကြောင်း သတင်းရရှိပြီးနောက် စစ်သားများ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးအရာရှိများ ပါဝင်သော ပူးပေါင်းအဖွဲ့က ထိုနေရာသို့ ၂၀၂၃ခုနှစ် ဧပြီလ (၂၆)ရက်နေ့၏ ည(၁၀)နာရီတွင် သွားရောက် ခဲ့ကြသည်ဟု သိရသည်။

ပူးပေါင်းအဖွဲ့ ရောက်ရှိသွားချိန်တွင် အဆိုပါ သစ်တောဧရိယာတွင် မည်သူမှ မရှိတော့ကြောင်း သိရသည်။

ထို့နောက် ပထမ သတင်းပေးသူကပင် ထိုလူအုပ်စုမှာ Nong Lu အရပ် Wang Ka ကျေးရွာရှိ Wat Wang Wiwekaram ဆိပ်ခံတံတားသို့ ဦးတည်သွားသည့် မော်တော်ယာဥ်တွင် လိုက်ပါသွားကြကြောင်း ပြောရာ ပူးပေါင်းအဖွဲ့က လိုက်လံရှာဖွေခဲ့ရာ ဆိပ်ခံတံတားနောက်ဘက် Vajiralongkorn ဆည်အနီးတွင် အမျိုးသားများနှင့် အမျိုးသမီးများ ပါဝင်သော လူအုပ်စုကို တွေ့ရှိခဲ့သည်။ 



ဖမ်းဆီးရေး ပူးပေါင်းအဖွဲ့ကို  မြင်တွေ့သွားခဲ့ရာ ထိုလူအုပ်စုက အနီးအနားရှိ သစ်တောအုပ်ထဲသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ 

ပူပေါင်းအဖွဲ့က လိုက်လံ ဖမ်းဆီးရာက နောက်ဆုံးတွင် အမျိုးသား (၂၇) ဦးနှင့် အမျိုးသမီး (၁၅) ဦး စုစုပေါင်း လူ (၄၂) ဦးကို ဖမ်းမိသွားကြောင်း သိရသည်။



ဖမ်းဆီးခံရသူများကို စစ်ဆေးမေးမြန်းမှုအရ ၎င်းတို့မှာ မန္တလေး၊ ပဲခူး၊ ရန်ကုန်နှင့် အခြား မြန်မာနိုင်ငံ၏ နေရာဒေသများမှ ဖြစ်ကြောင်း နှင့် ၎င်းတို့တွင် ခရီးသွားလာမှုဆိုင်ရာ စာရွက်စာတမ်း အထောက်အထား မပါကြောင်း သိရသည်။



အဆိုပါ မြန်မာနိုင်ငံသားအုပ်စုက ထိုင်းနိုင်ငံအတွင်းသို့ ဆောင်ခလာဘူရီခရိုင်ရှိ တောလမ်းကြောင်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့ကြပြီး အလုပ်အကိုင်ပွဲစားများက အလုပ်ရမည်ဟု ကတိပေးထားသော ဘန်ကောက်၊ ချောင်ဘူရီ၊ ဖူးခက်၊ ဆမွတ်ပရာကန်၊ ဆမွတ်ဆခွန်နှင့် ရနောင်းတို့ရှိ အလုပ်နေရာများသို့ ဦးတည်သွားရောက်နေခဲ့ကြခြင်း ဖြစ်သည်။ 

အချို့ကိုမူ မလေးရှားနိုင်ငံတွင် အလုပ်ရမည်ဟု ပွဲစားများက ကတိပေးထားကြောင်း သိရသည်။

တရားမဝင်ရွှေ့ပြောင်း မြန်မာများက ထိုင်းအရာရှိများကို ထွက်ဆိုမှုအရ ၎င်းတို့မှာ အလုပ်ရှာဖွေပေးသည့် ပွဲစားများကို ဘတ် (၂၀,၀၀၀) နှင့် (၃၀,၀၀၀) ကြား ပေးမည်ဟု သဘောတူညီထားကြောင်းနှင့် ထိုငွေကို ၎င်းတို့ သွားရောက်အလုပ်လုပ်ကိုင်မည့် နေရာများသို့ရောက်ရှိချိန်တွင် ပေးရမည်ဟု ဆိုသည်။

 စစ်တပ်က အာဏာသိမ်းထားပြီးနောက်ပိုင်း စီးပွားရေးအခြေအနေများ သိသိသာသာ ဆိုးရွားလာခဲ့သည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူ အများအပြားမှာ ထိုင်းနိုင်ငံအတွင်းသို့ နေ့စဥ် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေဆဲ ဖြစ်သည်။

၂၀၂၁ ခုနှစ်အတွင်း ထိုင်းအာဏာပိုင်များက တရားမဝင် နယ်စပ်ဖြတ်ကျော်သူ (၈၀,၀၀၀) ခန့်ကို ဖမ်းဆီးမိခဲ့ရာတွင် အများစုမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။ 

သို့သော် ထိုသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူ နောက်ထပ် (၁၀၀,၀၀၀) အထိမှာ အဖမ်းမခံရဘဲ လွတ်မြောက်သွားနိုင်ကြောင်းနှင့် ယခုအခါ ၎င်းတို့မှာ ထိုင်းနိုင်ငံ၏ နေရာစုံတွင် အလုပ်လုပ်ကိုင်နေကြကြောင်း ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ပြောသည်။

 

Source: Bangkok Post