မြန်မာနိုင်ငံသို့ ဗိုလ်ချုပ်ကြီးတစ်ဦး စေလွှတ်ပြီး အင်ဒိုနီးရှား၏ ဒီမိုကရေစီအသွင် ကူးပြောင်းမှု အတွေ့အကြုံမျှဝေမည်ဟု သမ္မတဂျိုကိုဝီ ပြောကြား

Photo: REUTERS
Photo: REUTERS
မြန်မာနိုင်ငံသို့ ဗိုလ်ချုပ်ကြီးတစ်ဦး စေလွှတ်ပြီး အင်ဒိုနီးရှား၏ ဒီမိုကရေစီအသွင် ကူးပြောင်းမှု အတွေ့အကြုံမျှဝေမည်ဟု သမ္မတဂျိုကိုဝီ ပြောကြား
ဖေဖော်ဝါရီ 2, 2023 | နိုင်ငံတကာသတင်း
By Mr John

၂၀၂၃ ခုနှစ်အတွက် အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူထားသည့် အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံသို့ ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦး စေလွှတ်ရန်စီစဥ်နေပြီး အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြောသည်။ 

အင်ဒိုနီးရှားနိုင်ငံက အောင်မြင်သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို မည်သို့လုပ်ဆောင်ခဲ့ကြောင်း ရှင်းပြရန်မျှော်လင့်ချက်ဖြင့် မြန်မာစစ်အုပ်စုခေါင်းဆောင်များနှင့် ဆွေးနွေးရန်ဖြစ်သည်ဟု သမ္မတဂျိုကိုဝီက ဆိုသည်။

အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားအကြီးဆုံး အင်ဒိုနီးရှားနိုင်ငံက ယခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူထားပြီး အဖွဲ့ဝင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး နှစ်ရှည်လများ ဖိနှိပ်ခံရနေသည့် ဒေသတွင်းပြဿနာ ဖြေရှင်းရေး ကြိုးပမ်းရန် တာဝန်ရှိနေသည်။

 "ဒါက ချဥ်းကပ်မှုကိစ္စတစ်ခုပါ။ ကျွန်တော်တို့ အင်ဒိုနီးရှားမှာ အတွေ့အကြုံရှိပါတယ်။ အခြေအနေက အတူတူပါပဲ" ဟု  သမ္မတဂျိုကိုဝီက ဂျကာတာမြို့ရှိ ၎င်း၏ရုံးခန်းတွင် Reuters သတင်းဌာနနှင့် အင်တာဗျူးအတွင်း ပြောခဲ့သည်။

"ဒီအတွေ့အကြုံကို ပြောပြနိုင်ပါတယ်။ အင်ဒိုနီးရှားက ဒီမိုကရေစီ ဘယ်လို စတင်ခဲသလဲဆိုတာပေါ့" ဟု ဂျိုကိုဝီက ဆိုသည်။ 

ယခုအခါ ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်နေသည့် အင်ဒိုနီးရှားကို စစ်တပ်ခေါင်းဆောင် ဆူဟာတိုက ဆယ်စုနှစ် (၃) ခုကျော်ကြာ အုပ်ချုပ်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် လူထုဆန္ဒပြမှုများ အကြီးအကျယ် ပေါ်ပေါက်လာခဲ့ပြီး စီးပွားရေးအကျပ်အတည်း ကြုံခဲ့ရစဥ် ရာထူးမှ ဆင်းပေးခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံကို ဆယ်စုနှစ်များကြာ အထီးကျန်နိုင်ငံဖြစ်စေခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် တံခါးဖွင့်ဝါဒ စတင်စမ်းသပ်ကျင့်သုံးခဲ့သည်။ 

သို့သော် မြန်မာပြည်သူလူထုအတွက် ဒီမိုကရေစီအတွေ့အကြုံကို ခံစားခွင့်မှာ လွန်ခဲ့သည့် (၂) နှစ်ဖြစ်သော ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းမှုနှင့်အတူ အဆုံးသတ်သွားခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် တင်းကျပ်သည့် စစ်အုပ်ချုပ်ရေးကို ပြန်ကျင့်သုံးခဲ့ပြီး ကန့်ကွက်ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခဲ့သည်။ 

ထိုအခြေအနေကြောင့် အနောက်အုပ်စုက မြန်မာစစ်အုပ်စုကို ရှုတ်ချခဲ့ပြီး ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်လာခဲ့သည်။ 

ထို့နောက် ၂၀၂၁ ခုနှစ် ဧပြီလအတွင်း အာဆီယံခေါင်းဆောင်များနှင့် မြန်မာစစ်အုပ်စုခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ သက်ဆိုင်သူများကြား တွေ့ဆုံဆွေးနွေးရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန်နှင့် အာဆီယံအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံသို့သွားရောက်ပြီး သက်ဆိုင်သူ အားလုံးနှင့်တွေ့ဆုံရန် အပါအဝင် ဘုံသဘောတူညီချက် (၅) ချက်ကို ရရှိခဲ့သည်။

သို့သော် မြန်မာစစ်ဗိုလ်ချုပ်များက အာဆီယံအဖွဲ့ကို ကတိကဝတ်ပြု သဘောတူညီထားခဲ့သည့် ဘုံသဘောတူညီချက်များကို လက်တွေ့လိုက်နာ အကောင်အထည်ဖော်ခဲ့ခြင်းမရှိဘဲ ယခင် အာဆီယံအထူးကိုယ်စားလှယ်၏ ဆောင်ရွက်မှုများမှာလည်း ပြောပလောက်သည့် အောင်မြင်မှုမရှိခဲ့ကြောင်း သိရသည်။ 

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီက မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု (၂) နှစ်ပြည့်ခဲ့မှုအပေါ် ပြောကြားရာ၌ အာဆီယံအနေဖြင့် မြန်မာပဋိပက္ခတွင် ဓားစာခံမဟုတ်ကြောင်းနှင့် တိုးတက်မှုမရှိပါက ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည်ဟု ထည့်သွင်းပြောခဲ့သည်။

အာဆီယံအလှည့်ကျဥက္ကဌ ဂျိုကိုဝီက မြန်မာနိုင်ငံသို့ ၎င်းကိုယ်တိုင် သွားရောက်မည့်အခြေအနေကို ပယ်ချထားခြင်း မရှိသော်လည်း တူညီသည့် နောက်ခံရှိသူ အရာရှိများကြား တွေ့ဆုံဆွေးနွေးမှုက ပိုမိုလွယ်ကူနိုင်ကြောင်း အသိအမှတ်ပြုခဲ့သည်။ 

အင်ဒိုနီးရှားသမ္မတက မည်သူ့ကို မြန်မာနိုင်ငံသို့ ဖြစ်နိုင်သမျှ အမြန်ဆုံး စေလွှတ်သွားမည်ကိုမူ ထုတ်ဖော်ပြောရန် ငြင်းဆန်ခဲ့သည်။ 

သို့သော် အင်ဒိုနီးရှားနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ခဲ့သည့်ပုဂ္ဂိုလ်မျိုးကို မြန်မာသို့စေလွှတ်ရန် စဥ်းစားထားကြောင်း ဂျိုကိုဝီက ဆိုသည်။

Source: Reuters