ထိုင်းနိုင်ငံတွင် ကန့်ကွက်မှုများရှိလာပြီးနောက် လုပ်ငန်းသုံးမီတာခ တိုးမြှင့်ကောက်ခံမည့် ရာခိုင်နှုန်းကို ပြင်ဆင်လျှော့ချ

ထိုင်းနိုင်ငံတွင် ကန့်ကွက်မှုများရှိလာပြီးနောက် လုပ်ငန်းသုံးမီတာခ တိုးမြှင့်ကောက်ခံမည့် ရာခိုင်နှုန်းကို ပြင်ဆင်လျှော့ချ
ဇန်နဝါရီ 7, 2023 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းများအတွက် လျှပ်စစ်မီတာခများ သိသိသာသာ တိုးမြှင့်မည့် အစီအစဥ်ကို ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာထံ လုပ်ငန်းရှင်များက စုပေါင်း ကန့်ကွက်ကာ အရေးဆိုခဲ့ပြီးနောက် စွမ်းအင်ဆိုင်ရာကြီးကြပ်ကွပ်ကဲမှုကော်မရှင် Energy Regulatory Comission (ERC) က လုပ်ငန်းသုံးမီတာခများ တိုးမြှင့်ကောက်ခံမည့် ရာခိုင်နှုန်းကို လျှော့ချလိုက်ကြောင်း သိရသည်။

မူလက ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ (၄) လအတွက် လုပ်ငန်းသုံးမီတာခများကို (၂၀.၅) ရာခိုင်နှုန်း တိုးမြှင့်မည်ဟု ERC က ယမန်နှစ် ဒီဇင်ဘာလလယ်တွင် ကြေညာခဲ့သည်။ 

သို့သော် မီတာခကုန်ကျစရိတ် တိုးလာပါက ထုတ်ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းများက ပြောဆိုခဲ့ကြပြီး ကန့်ကွက်မှုများရှိလာခဲ့ရာ ယခုအခါ လုပ်ငန်းသုံးမီတာခများကို (၁၃) ရာခိုင်နှုန်းသာ တိုးမြှင့်သွားမည်ဟု ERC က ဇန်နဝါရီလ (၆) ရက်တွင် ထုတ်ပြန်လိုက်သည်။

ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ် Federation of Thai Industries (FTI) က ဦးဆောင်သည့် စီးပွားရေးလုပ်ငန်းအုပ်စုများက ကမ္ဘာတဝန်း စီးပွားရေးကျဆင်းနေပြီး ရုရှား-ယူကရိန်းစစ်ပွဲ ကြာရှည်နေသည့် ယခုအချိန်တွင် ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေရကြောင်း အစောပိုင်းက ဝန်ကြီးချုပ်ပရာယွတ်ထံ တင်ပြခဲ့ကြသည်။ 

ထို့နောက် ဝန်ကြီးချုပ်ပရာယွတ်က စွမ်းအင်ဆိုင်ရာ အရာရှိများကို စီးပွားရေးလုပ်ငန်းများအတွက် မီတာခလျှော့ချရန် နည်းလမ်းရှာဖွေရေး ညွှန်ကြားခဲ့ကြောင်း သိရသည်။

ERC က အိမ်သုံးမီတာခများကိုမူ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ယခင်အတိုင်း ဆက်လက်ထားရှိသွားမည် ဖြစ်သည်။ 

ERC ၏ မူလအစီအစဥ်အရ လုပ်ငန်းသုံးမီတာခကို တစ်ယူနစ်လျှင် ဘတ် (၄.၇၂) မှ ဘတ် (၅.၆၉) သို့ တိုးမြှင့်ကောက်ခံမည်ဖြစ်သော်လည်း ယခုအခါ နှုန်းထားသစ်ပြင်ဆင်မှုအရ တစ်ယူနစ်လျှင် ဘတ် (၅.၃၃) ဖြင့် သတ်မှတ်ကောက်ခံသွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် စက်တင်ဘာလမှစပြီး မီတာခနှုန်းထားကို တစ်ယူနစ်လျှင် ဘတ် (၄.၇၂) အဖြစ် သတ်မှတ်ခဲ့ပြီး အမြင့်ဆုံးနှုန်းထား ဖြစ်လာခဲ့သည်။ 

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် ပြည်ပမှတင်သွင်းရသည့် သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေး ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင်း မီတာခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ERC က ပြောသည်။

Source: Bangkok Post