Twitter တွင် Blue mark အတွက် လစဥ်ကြေး (၈) ဒေါ်လာ ပေးရမည်ဟု အီလွန်မက်စ် ပြောကြား

Twitter တွင် Blue mark အတွက် လစဥ်ကြေး (၈) ဒေါ်လာ ပေးရမည်ဟု အီလွန်မက်စ် ပြောကြား
နိုဝင်ဘာ 2, 2022 | နိုင်ငံတကာသတင်း
By Mr John

 Twitter တွင် စစ်ဆေးအတည်ပြုထားသော အကောင့်ဖြစ်ကြောင်း ဖော်ပြချက်ဖြစ်သည့် အပြာရောင်အမှန်ခြစ် Blue mark ရယူလိုသူများကို လစဥ်ကြေး အမေရိကန်ဒေါ်လာ (၈) ဒေါ်လာ ကောက်ခံသွားမည်ဟု အီလွန်မက်စ်က နိုဝင်ဘာလ (၁) ရက်တွင် ပြောကြားကြောင်း Reuters သတင်းက ဖော်ပြသည်။ 

Blue mark အကောင့်များကို လစဥ်ကြေးကောက်မည့် အစီအစဥ်မှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်က Twitter ကို ဒေါ်လာ (၄၄) ဘီလီယံဖြင့် ဝယ်ယူလိုက်ပြီးနောက် အပြောင်းအလဲများ၏ အစိတ်အပိုင်းလည်း ဖြစ်သည်။

Twitter အသုံးပြုသူ၏ အမည်ဘေးတွင် ဖော်ပြထားသည့် အပြာရောင်အမှန်ခြစ် Blue mark မှာ ပုံမှန်အားဖြင့် နယ်ပယ်အသီးအသီးမှ ထင်ရှားကျော်ကြားသူများအတွက်ဖြစ်ပြီး လက်ရှိတွင် အခမဲ့ဖြစ်သည်။

 Blue mark အတွက် လစဥ်ကြေးပေးဆောင်စေခြင်းမှာ spam/scam အကောင့်များကို နှိမ်နင်းရန် မရှိမဖြစ် လိုအပ်ကြောင်း အီလွန်မက်စ်က ဆိုသည်။

သို့သော် ယခုလုပ်ဆောင်မှုက ယုံကြည်စိတ်ချရသည့် အကောင့်များကို ခွဲခြားသိရှိရန် ပိုမိုခက်ခဲသွားမည်ဟု ဝေဖန်သူများက ပြောသည်။ 

Twitter က မကြာမီ Blue mark အကောင့်ပိုင်ရှင်တစ်ဦးလျှင် လစဥ်ကြေး ဒေါ်လာ (၂၀) စတင်ကောက်ခံသွားလိမ့်မည်ဟု ယခုရက်ပိုင်းအတွင်း ခန့်မှန်းမှုများလည်း ထွက်ပေါ်နေခဲ့သည်။ 

Twitter တွင် အခပေး အသုံးပြုသူများကို ပြန်စာနှင့် ရှာဖွေမှုများတွင် ဦးစားပေးမှုရှိမည်ဖြစ်ပြီး ကြော်ငြာများ ထက်ဝက် လျော့နည်းမည်ဟု အီလွန်မက်စ်က ဆိုသည်။

အီလွန်မက်စ်က "Power to the people! Blue for $8/month" ဟု ၎င်း၏ Twitter အကောင့်တွင် ရေးသားထားသည်။ ယခင်က Blue mark သတ်မှတ်ပေးသည့် နည်းလမ်းဟောင်းကိုလည်း "အရှင်သခင်များနှင့် ဆင်းရဲသားများ စနစ်" ဟု အီလွန်မက်စ်က ဝေဖန်ခဲ့သည်။ 

Twitter ၏ နည်းလမ်းဟောင်းမှာ အွန်လိုင်းမှတစ်ဆင့် Blue mark အတွက် လျှောက်လွှာတင်ရပြီး အနုပညာရှင်ကဲ့သို့ ထင်ရှားကျော်ကြားသူများ၊ နိုင်ငံရေးသမားများနှင့် ဂျာနယ်လစ်များကို စစ်ဆေးအတည်ပြုပြီး Blue mark ပေးခြင်းဖြစ်ပြီး အခကြေးငွေ သို့မဟုတ် လစဥ်ကြေး ပေးဆောင်ရခြင်းမရှိကြောင်း သိရသည်။

Source: Reuters, BBC