ရုရှားက ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်ကို ဒရုန်းများဖြင့် တိုက်ခိုက်၊ ကိုယ်ဝန်ဆောင် အပါအဝင် အရပ်သား သေဆုံးမှုများရှိ

ရုရှားက ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်ကို ဒရုန်းများဖြင့် တိုက်ခိုက်၊ ကိုယ်ဝန်ဆောင် အပါအဝင် အရပ်သား သေဆုံးမှုများရှိ
အောက်တိုဘာ 18, 2022 | နိုင်ငံတကာသတင်း
By Mr John

ရုရှားက ယူကရိန်းမြို့တော် ကိဗ်မြို့ကို အီရန်နိုင်ငံထုတ် ဒရုန်းများဖြင့် တိုက်ခိုက်မှု အပါအဝင် နိုင်ငံတဝန်း တိုက်ခိုက်မှုများလုပ်ခဲ့ကြောင်း သိရသည်။ 

ရုရှားတပ်ဖွဲ့က ကိဗ်မြို့ကို အီရန်လုပ် Kamikaze ဒရုန်းများလွှတ်ပြီး တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းသမ္မတရုံး အကြီးအကဲ Andriy Yermak က ပြောသည်။ 

"ဒါက သူတို့ရဲ့ ကြံရာမရဖြစ်မှုကို မြင်သာစေပါတယ်" ဟု ၎င်းက ဆိုသည်။

ရုရှားက ယူကရိန်းကို ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကြောင့် နယ်မြေ (၃) ခုတွင် အရေးပါသည့် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး နိုင်ငံတဝန်း ရာနှင့်ချီသည့် ကျေးရွာများ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ကြောင်း ယူကရိန်းဝန်ကြီးချုပ် Denys Shmygal က ပြောသည်။ 

တိုက်ခိုက်မှုများကြောင့် ကိဗ်မြို့တော်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် (၄) ဦးနှင့် Sumy မြို့တွင် (၄) ဦး စုစုပေါင်း အနည်းဆုံး (၈) ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။ 

ရုရှားက အောက်တိုဘာလ (၁၆) ရက် ညပိုင်းနှင့် အောက်တိုဘာလ (၁၇) ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ (၁၆) ရက် ညပိုင်းမှစပြီး တောင်ဘက်မှ ဒရုန်း (၃၇) စင်း နိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့သည်ဟု ယူကရိန်းလေတပ်အရာရှိတစ်ဦးက ဆိုသည်။ 

ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ကိဗ်မြို့လယ်ပိုင်း Shevchenkivskiy ဧရိယာရှိ လူနေအဆောက်အအုံများ ထိမှန်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်ဟု မြို့တော်ဝန် Vitalii Klitschko က ပြောသည်။ 

လွန်ခဲ့သည့် တစ်ပတ်ကလည်း ကိဗ်မြို့တော်နှင့် အခြား ယူကရိန်းမြို့များကို အသွားအလာ ရှုပ်ထွေးများပြားချိန်အတွင်း ရုရှားက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လူ (၁၉) ဦး သေဆုံးပြီး အပျက်အစီးများ ဖြစ်ပေါ်ခဲ့သည်။

အောက်တိုဘာလ (၁၇) ရက် နံနက်ပိုင်းတွင်မူ ရုရှားက ကိဗ်မြို့တော်သို့ ဒရုန်းများလွှတ်ပြီး ထပ်မံ တိုက်ခိုက်ခဲ့သည်။ 

ယူကရိန်းစစ်ပွဲတွင် ဒရုန်းဖြင့် တိုက်ခိုက်မှုများကို နိုင်ငံအနှံ့ မြင်တွေ့လာရသည်ဟုလည်း ဆိုသည်။ 

ကိဗ်မြို့တော်တွင် ဒရုန်းများကို ပစ်ချရန်ကြိုးပမ်းခဲ့သည့် သေနတ်သံများ ဆူညံစွာ ထွက်ပေါ်နေခဲ့ပြီး ဆိုရှယ်မီဒီယာတွင် တင်ထားသည့် ဗီဒီယိုတစ်ခုအရ ဒရုန်းတစ်စင်းကို ကြားဖြတ်ဟန့်တား ပစ်ချနိုင်ခဲ့သည်ကို တွေ့ရသည်။

အောက်တိုဘာလ (၁၇) ရက် ဒေသစံတော်ချိန် နံနက် (၆) နာရီခွဲခန့်တွင် ကိဗ်မြို့တော်၌ ပေါက်ကွဲမှုများ စတင်ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ပေါက်ကွဲမှု (၅) ခု ဖြစ်ပွားခဲ့သည်ဟု BBC သတင်းက ဆိုသည်။ 

နံနက် (၈) နာရီ (၁၀) မိနစ်တွင် နောက်ဆုံးအကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ပေါက်ကွဲမှု (၂) ခုမှာ ကိဗ်မြို့လယ်နှင့် နီးကပ်ခဲ့ပြီး လေကြောင်းအချက်ပေးဥဩသံနှင့် ကားအချက်ပေးသံများကို ထိုဧရိယာတွင် ကြားခဲ့ရသည်။ 

ကိဗ်မြို့တော်ဝန်ရုံး၏ ပြောကြားမှုအရ လူနေအဆောက်အအုံများနှင့် လူနေထိုင်ခြင်းမရှိသော အဆောက်အအုံများကို ဒရုန်းဖြင့် တိုက်ခိုက်မှုများ ထိမှန်ခဲ့ကြောင်း သိရသည်။

ကိဗ်မြို့၏ အဓိက ဘူတာရုံအနီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ရထားလုပ်ငန်းတာဝန်ရှိသူများက ပြောသည်။ 

Reuters သတင်းထောက်တစ်ဦး မြင်တွေ့ခဲ့ရသည့် ဒရုန်းအပျက်အစီးများပေါ်တွင် "For Belgorod" ဟု ရေးသားထားသည်ဟု ဆိုသည်။ 

ယူကရိန်းက Belgorod မြို့ကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရုရှားက စွပ်စွဲထားသည်။ ယူကရိန်းဘက်က ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

 ရုရှားနိုင်ငံ၏ Belgorod မြို့မှာ ယူကရိန်းနယ်စပ်မှ (၂၅) မိုင်အကွာတွင် တည်ရှိသည်။

အောက်တိုဘာလ (၁၅) ရက်နေ့က Belgorod နယ်မြေအတွင်းရှိ ရုရှားစစ်တပ်၏ လေ့ကျင့်ရေးစခန်းတစ်ခုကို ယူကရိန်းဘက်မှ မိမိသဘောဆန္ဒအလျောက် ဝင်ရောက်တိုက်ခိုက်ပေးနေသည့် သေနတ်သမား (၂) ဦးက တိုက်ခိုက်ခဲ့ရာ လူ (၁၁) ဦး သေဆုံးခဲ့သည်။ 

သီးခြားသတင်းတစ်ရပ်အရ ယူကရိန်းအရှေ့ပိုင်း နယ်မြေများတွင် တိုက်ပွဲများပြင်းထန်နေကြောင်းလည်း သိရသည်။

Source: BBC, Reuters

Photo: REUTERS/Vladyslav Musiienko,