ဗြိတိန်ဘုရင်မကြီး နတ်ရွာစံပြီးနောက် သားဖြစ်သူ ချားလ်က (၁၄)ပြည်ထောင် တတိယမြောက် ချားလ်စ်ဘုရင် ဖြစ်လာ

မိခင်ဖြစ်သူ အဲလိဇဘက် ဘုရင်မကြီး နှင့်  သားကြီးဖြစ်သူ အသက် (၇၃) နှစ်အရွယ် ချားလ်စ် ( ပုံအဟောင်း )[ Photo: Toby Melville/Pool ]
မိခင်ဖြစ်သူ အဲလိဇဘက် ဘုရင်မကြီး နှင့် သားကြီးဖြစ်သူ အသက် (၇၃) နှစ်အရွယ် ချားလ်စ် ( ပုံအဟောင်း )[ Photo: Toby Melville/Pool ]
ဗြိတိန်ဘုရင်မကြီး နတ်ရွာစံပြီးနောက် သားဖြစ်သူ ချားလ်က (၁၄)ပြည်ထောင် တတိယမြောက် ချားလ်စ်ဘုရင် ဖြစ်လာ
စက်တင်ဘာ 9, 2022 | နိုင်ငံတကာသတင်း
By Mr John

 ဗြိတိန်၏ နန်းသက်အရှည်ဆုံး အသက် (၉၆) နှစ်အရွယ် ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီး (Queen Elizabeth II) ဒေသစံတော်ချိန် စက်တင်ဘာလ (၈) ရက်နေ့က စကော့တလန်ရှိ Balmoral ရဲတိုက်တွင် နတ်ရွာစံသွားခဲ့ပြီးနောက် သားဖြစ်သူမှာ (၁၄)နိုင်ငံ၏ ဘုရင်အဖြစ် အလိုအလျောက် ဖြစ်လာခဲ့သည်။ 

ဘုရင်မကြီး၏ ကျန်းမာရေးအခြေအနေကို ဆရာဝန်များက စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ပြီးနောက် တော်ဝင်မိသားစုဝင်များ စကော့တလန်သို့ အလျင်အမြန် သွားရောက်ကြကာ ဘုရင်မကြီးနံဘေးတွင် စုရုံးရောက်ရှိနေခဲ့ကြသည်။

"ကျွန်တော့်ရဲ့ ချစ်လှစွာသော မိခင်၊ ဘုရင်မကြီး ကွယ်လွန်မှုက ကျွန်တော့်အတွက်နဲ့ ကျွန်တော်တို့မိသားစုဝင်တွေ အားလုံးအတွက် အကြီးမားဆုံး ဝမ်းနည်းစရာ အခိုက်အတန့်တစ်ခုပါ" ဟု ထီနန်းအမွေဆက်ခံပြီး ဗြိတိန်ဘုရင်သစ်ဖြစ်လာသည့် အဲလိဇဘက် ဘုရင်မကြီး၏ သားကြီးဖြစ်သူ အသက် (၇၃) နှစ်အရွယ် ချားလ်စ်က ပြောသည်။

အဲလိဇဘက် ဘုရင်မကြီး ကွယ်လွန်သွားမှုကြောင့် ချားလ်စ်က ဗြိတိန်နှင့် ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန် အပါအဝင် အခြား နိုင်ငံ (၁၄) ခု၏ ဘုရင်သစ် အလိုအလျောက် ဖြစ်လာကြောင်းလည်း သိရသည်။ 

၎င်း၏ ရုံးခန်းက ဘုရင်အမည်ကို တတိယမြောက် ချားလ်စ်ဘုရင် (King Charles III) ဟု သုံးနှုန်းခေါ်ဝေါ်မည်ဟု အတည်ပြုခဲ့သည်။ 

အဲလိဇဘက် ဘုရင်မကြီး၏ ကျန်းမာရေးအခြေအနေ ယိုယွင်းလာနေကြောင်း သတင်းမှာ စက်တင်ဘာလ (၈) ရက် နေ့လယ်ပိုင်းတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဘက်ကင်ဟမ်နန်းတော်က ထုတ်ပြန်ချက်အရ ဘုရင်မကြီးမှာ episodic mobility problems ခေါ် ခန္ဓာကိုယ်ရွေ့လျားသွားလာမှုဆိုင်ရာ ကျန်းမာရေးပြဿနာကို ယမန်နှစ် နှစ်ကုန်ပိုင်းမှစပြီး ခံစားခဲ့ရပြီး ၎င်း၏ အခမ်းအနားတက်ရောက်မှုနှင့် အခြား အစီအစဥ် အားလုံးနီးပါးကို ပယ်ဖျက်ခဲ့ကြောင်း သိရသည်။ 

ဘုရင်မကြီးကို အများပြည်သူ နောက်ဆုံးမြင်တွေ့ခဲ့ရခြင်းမှာ စက်တင်ဘာလ (၆) ရက်နေ့က လစ်ဇ်ထရပ်စ်ကို ဗြိတိန်ဝန်ကြီးချုပ်သစ်အဖြစ် တရားဝင် ခန့်အပ်ခဲ့စဥ်က ဖြစ်သည်။

အဲလိဇဘက်မှာ ၁၉၅၂ ခုနှစ် ဖေဖေါ်ဝါရီလ (၆) ရက်တွင် ဖခင်ဖြစ်သူ ဂျော့ဂျ်ဘုရင် (King George VI) ကွယ်လွန်ပြီးနောက် သူမ၏အသက် (၂၅) နှစ်အရွယ်၌ ဗြိတိန်ဘုရင်မ ဖြစ်လာခဲ့ပြီး ယခုနှစ်အတွင်း နန်းသက် နှစ် (၇၀) ပြည့်မြောက်ခဲ့သည်။ 

ကွယ်လွန်သူ အဲလိဇဘက် ဘုရင်မကြီးက ဗြိတိန်သာမက ဩစတြေးလျ၊ ဘဟားမားစ်၊ ဘီလစ်ဇ်၊ ကနေဒါ၊ ဂရီနာဒါ၊ ဂျမေကာ၊ နယူးဇီလန်၊ ပါပူအာနယူးဂီနီ၊ စိန့်လူစီယာ၊ စိန့်ကစ်နှင့်နီဗစ်၊ တူဗာလူ၊ ဆော်လ်မွန်ကျွန်းစု၊ စိန့်ဗင်းဆင့်နှင့် ဂရီနာဒင်းစ်၊ အန်တီဂူအာနှင့် ဘာဘူဒါ နိုင်ငံများ၏ နိုင်ငံ့ခေါင်းဆောင် ဖြစ်ခဲ့သည်။

အဲလိဇဘက် ဘုရင်မကြီးကို ၁၉၂၆ ခုနှစ် ဧပြီလ (၂၁) ရက်နေ့က လန်ဒန်မြို့တွင် မွေးဖွားခဲ့သည်။ 

ဘုရင်မကြီးက ၁၉၄၇ ခုနှစ် ဧပြီလတွင် မင်းသားကြီးဖိလစ်ဟု ခေါ်ဝေါ်ကြသည့် ဖိလစ်မောင့်ဘက်တန်နှင့် လက်ထပ်ခဲ့သည်။ 

အဲလိဇဘက် ဘုရင်မကြီးတို့ ဇနီးမောင်နှံတွင် သားသမီး (၄) ဦးရှိပြီး ‌ဝေလမင်းသား ချားလ်စ်၊ မင်းသားအင်ဒရူး၊ အန်းမင်းသမီးနှင့် မင်းသားအက်ဒ်ဝပ်တို့ ဖြစ်ကြသည်။

မှတ်ချက် - ထီးသုံး နန်းသုံး စကားအရ ဘုရင် နှင့် ဘုရင်မများ ကွယ်လွန်သည်ကို နတ်ရွာစံသည်ဟု သုံးနှုန်းလေ့ရှိသည်။

Source: BBC, Reuters