အကျဥ်းသားများ အချင်းချင်းသတ်ပြီး သေသူကို စားသည့်ဖြစ်ရပ်ရှိခဲ့ဖူးသည့် ကမ္ဘာ့အဆိုးဆုံး ဂျီတာရာမာ အကျဥ်းထောင်

အကျဥ်းသားများ အချင်းချင်းသတ်ပြီး သေသူကို စားသည့်ဖြစ်ရပ်ရှိခဲ့ဖူးသည့် ကမ္ဘာ့အဆိုးဆုံး ဂျီတာရာမာ အကျဥ်းထောင်
ဇူလိုင် 15, 2022 | နိုင်ငံတကာသတင်း
By Mr John

ကမ္ဘာ့အဆိုးဆုံး အကျဥ်းထောင်တွင် ဆိုးရွားသော ဆေးဝါးကုသစောင့်ရှောက်မှု အခြေအနေများ ကြုံနေရစဥ် အကျဥ်းသားများက အသက်ရှင်သန်ရန် လူသေများကို စားခဲ့ကြသည့်ဖြစ်ရပ် ရှိခဲ့ဖူးသည်ဟု ဆိုသည်။

 ရဝမ်ဒါနိုင်ငံရှိ ဂျီတာရာမာအကျဥ်းထောင်ကို လူဦးရေ ရာဂဏန်းအနည်းငယ်မှ အများဆုံး တစ်ထောင်အတွက်သာ ဆောက်လုပ်ထားသော်လည်း ထောင်နှင့်ချီသည့် အကျဥ်းသားများကို ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။

ခန့်မှန်းခြေအရ ထိုအကျဥ်းထောင်တွင် အကျဥ်းသား (၅,၀၀၀) နှင့် (၇,၀၀၀) ကြားရှိနေကြောင်းနှင့် အကျဥ်းထောင်အတွင်း လူဦးရေမည်မျှကို ထိန်းသိမ်းထားကြောင်း သတင်းဖော်ပြမှုများမှာ ကွဲလွဲမှုရှိခဲ့သည်။ 

Amnesty International က ၂၀၀၇ ခုနှစ်တွင် ပြောကြားမှုအရ ထိုအကျဥ်းထောင်တွင် အကျဥ်းသားဦးရေ ဝင်ဆံ့မှုမှာ အများဆုံး (၃,၀၀၀) ဖြစ်သော်လည်း အကျဥ်းသား (၇,၄၇၇) ဦးကို အကျဥ်းချထားသည်ဟု ဆိုသည်။

Zee News ၏ အဆိုအရ ဂျီတာရာမာအကျဥ်းထောင်အတွင်း အလွန်ဆိုးရွားသော အခြေအနေများကြောင့် ရန်ပွဲများ ပုံမှန်ဖြစ်ပွားလေ့ရှိပြီး ကြမ်းတမ်းသည့် အကျဥ်းသားများက လူ့အသားကို စားကြသည်ဟု သိရသည်။

 ထိုအကျဥ်းထောင်တွင်း အခြေအနေများကို ကာလရှည်ကြာ ကန့်ကွက်ရှုတ်ချနေခဲ့ကြသည်။ 

၁၉၉၅ ခုနှစ်က အစီရင်ခံစာတစ်ခုတွင် ထောင်တွင်းရှိနေသူတို့၏ မနှစ်မြို့ဖွယ် နေထိုင်ရမှုပုံစံနှင့် အကျဥ်းသားများကို ထိန်းသိမ်းထားမှုအခြေအနေနှင့် ပတ်သက်၍ ဆိုးရွားသော အသေးစိတ်အချက်အလက်များကို ဖော်ပြခဲ့သည်။

"ဒီနေရာက အခြေအနေတွေက လုံးဝကို လူမဆန်ဘူး။ ဒီအခြေအနေ တိုးတက်ဖို့ အမြန်လုပ်ရမှာပါ။ ဂျီတာရာမာအကျဥ်းထောင်ထဲမှာ နေ့တိုင်း အကျဥ်းသား (၆) ယောက်လောက် သေနေကြတယ်။ အဲဒီမှာ ကူးစက်ရောဂါသာဖြစ်ခဲ့ရင် ဘယ်လောက်သေနိုင်မလဲ မသိဘူး" ဟု အပြည်ပြည်ဆိုင်ရကြက်ခြေနီအဖွဲ့အစည်းမှ Brigitte Troyon က ထိုစဥ်က ပြောသည်။ 

မကြာသေးမီက သတင်းများအရ အတိအကျ မသိရသော်လည်း ထိုအကျဥ်းထောင်တွင်း အခြေအနေမှာ များစွာတိုးတက်ခဲ့ခြင်းမရှိဟု ဆိုသည်။

၁၉၉၅ ခုနှစ်က ဂျီတာရာမာအကျဥ်းထောင်တွင် အကျဥ်းသား (၁,၀၀၀) ကျော် သေဆုံးခဲ့ပြီး ဆေးဝါးကုသပေးမှု မရှိခြင်းနှင့် အိပ်ရာများ မသန့်ရှင်းခြင်းတို့ကြောင့် ခြေလက်များ ပုပ်သွားသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

 အကျဥ်းသားအများအပြားမှာ ၁၉၉၄ ခုနှစ်က ရက် (၁၀၀) အတွင်း လူပေါင်း (၈၀၀,၀၀၀) ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် ကြောက်မက်ဖွယ်ရာ ရာဇတ်မှုများတွင် သံသယရှိသူများဖြစ်သည်ဟု ဆိုသည်။

Source: Mirror

Photo: Gamma-Rapho, DDP/AFP, Zee News,