ယူကရိန်းတိုက်ခိုက်ရေးသမား ၂,၀၀၀ ကျော်ရှိနေသည့် မာရီပိုးရှိ စတီးလ်စက်ရုံကို ရုရှားတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းမည့် အစား ထွက်ပေါက်မရှိရန် ပိတ်ဆို့ထားရေး  ပူတင် အမိန့်ပေး

ယူကရိန်းတိုက်ခိုက်ရေးသမား ၂,၀၀၀ ကျော်ရှိနေသည့် မာရီပိုးရှိ စတီးလ်စက်ရုံကို ရုရှားတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းမည့် အစား ထွက်ပေါက်မရှိရန် ပိတ်ဆို့ထားရေး  ပူတင် အမိန့်ပေး
By Mr John

ရုရှား သမ္မတ ဗလာဒီမာပူတင်က ယူကရိန်း ဆိပ်ကမ်းမြို့ မာရီယူပိုးရှိ Azovstal စတီးလ်စက်ရုံအတွင်း ရုရှားတပ်ဖွဲ့ ဝင်ရောက်စီးနင်းမည့် အစီအစဥ်ကို ဖျက်သိမ်းလိုက်ပြီး အပြည့်အဝ ဆက်လက် ဝိုင်းပတ်ပိတ်ဆို့ထားရန်  ကာကွယ်ရေးဝန်ကြီး Sergei Shoigu ကို စတီးလ်စက်ရုံနှင့် ပတ်သက်၍ အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

စတီးလ်စက်ရုံအတွင်း ရာနှင့်ချီသည့် ယူကရိန်းတိုက်ခိုက်ရေးသမားများ ရှိနေသေးသော်လည်း နှစ်လနီးပါးကြာ ဝိုင်းထားခဲ့ပြီး‌နောက် မာရီယူပိုး ဆိပ်ကမ်းမြို့ လွတ်မြောက်ခဲ့ပြီဟု ရုရှားသမ္မတပူတင်က ဧပြီ (၂၀) ရက်တွင် ကြေညာသည်။ ယူကရိန်းစစ်ပွဲ၏ အကြီးမားဆုံး တိုက်ပွဲတွင် အောင်ပွဲရခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ကြီးမားကျယ်ပြန့်သည့် မြေအောက်ခန်းနေရာရှိသည့် ထိုစတီးလ်စက်ရုံကြီးအတွင်း ယူကရိန်းတိုက်ခိုက်ရေးသမား ၂,၀၀၀ ကျော် ရှိနေဆဲဖြစ်ကြောင်း Sergei Shoigu က သမ္မတပူတင်ကို ယခင်က အစီရင်ခံထားခဲ့သည်။ 

"အဆိုပြုထားတဲ့ စက်မှုဇုန်ကို ဝင်ရောက်စီးနင်းမယ့် အစီအစဥ်က မလိုအပ်ဘူးလို့ ကျွန်တော် စဥ်းစားမိတယ်။ ခင်ဗျား ဒီအစီအစဥ်ကို ဖျက်သိမ်းဖို့ ကျွန်တော် အမိန့်ပေးပါတယ်" ဟု ပူတင်က Sergei Shoigu ကို ပြောသည်။

Azovstal စတီးလ်စက်ရုံကို ဝင်ရောက်စီးနင်းခြင်းမပြုရန် ၎င်း၏ ဆုံးဖြတ်ချက်မှာ ရုရှားစစ်သားများ အသက်အန္တရာယ်ကင်းစေရန် ကာကွယ်ပေးလိုသည့် ဆန္ဒကြောင့်ဟု ပူတင်က ဆိုသည်။ 

"ဒီစက်ရုံတစ်လျှောက် လှိုဏ်ခေါင်းတွေထဲဆင်းပြီး မြေအောက်မှာ တွားသွားဖို့ မလိုအပ်ပါဘူး။ အဲဒီ စက်ရုံဧရိယာကို ယင်ကောင်တစ်ကောင် ဖြတ်မသွားနိုင်အောင် ပိတ်ဆို့ထားလိုက်ပါ" ဟု ရုရှားသမ္မတပူတင်က အမိန့်ပေးလိုက်သည်။

ယခုအချိန်အထိ လက်နက်မချဘဲ Azovstal စတီးလ်စက်ရုံအတွင်း ကျန်ရှိနေသည့် ယူကရိန်းစစ်သားတွေကိုလည်း ရုရှားက ၎င်းတို့ကို လေးလေးစားစား ဆက်ဆံမှာဖြစ်ပြီး ဒဏ်ရာရထားသူတွေကို ဆေးဘက်ဆိုင်ရာ အကူအညီပေးမည်ဟု ပူတင်က ပြောသည်။ 

ဖေဖေါ်ဝါရီ (၂၄) ရက်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်မှုနှင့်အတူ ယခုစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ တိုက်ခိုက်မှုများ ပြင်းထန်နေဆဲ ဖြစ်သည်။

စစ်ပွဲအတွင်း ယူကရိန်းတပ်ဖွဲ့ဝင် ၂,၅၀၀ မှ ၃,၀၀၀ ခန့် သေဆုံးခဲ့ပြီး ၁၀,၀၀၀ ခန့် ဒဏ်ရာရခဲ့ကြောင်း၊ သို့သော် အရပ်သား သေကျေဒဏ်ရာရသည့်စာရင်း မပါဝင်ကြောင်း CNN နှင့် အင်တာဗျူးတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ပြောခဲ့သည်။ 

ဇီလန်းစကီးက စစ်ပွဲအတွင်း ရုရှားစစ်သား ၁၉,၀၀၀ မှ ၂၀,၀၀၀ သေဆုံးခဲ့သည်ဟုလည်း ဆိုသည်။ ရုရှားဘက်က ပြီးခဲ့သည့်လအတွင်း ထုတ်ပြန်ရာမှာတော့ ၎င်းတို့၏တပ်ဖွဲ့ဝင် ၁,၃၁၅ ဦး သေဆုံးပြီး ၃,၈၂၅ ဦး ဒဏ်ရာရခဲ့ကြောင်း ပြောထားသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး United Nations High Commissioner for Refugees (UNHCR) က ဧပြီ (၂၀) ရက်တွင် ပြောကြားမှုအရ စစ်ပွဲကြောင့် ယူကရိန်းမှ ထွက်ပြေးကြရသည့် စစ်ဘေးရှောင်ဦးရေ ၅ သန်းကျော် (၅,၀၁၀,၉၇၁) ရှိပြီဖြစ်ကြောင်း သိရသည်။

Source: Reurtes