ဖလမ်းမြို့တွင် နေအိမ် မီးလိုက်ရှို့ရန် ကြိုးစားနေသည့် (၃)ဦးကို CNO က ဖမ်းမိ

ဖလမ်းမြို့တွင် နေအိမ် မီးလိုက်ရှို့ရန် ကြိုးစားနေသည့် (၃)ဦးကို CNO က ဖမ်းမိ

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် မတ်လ (၅)ရက်နေ့ ည(၉)နာရီဝန်းကျင်က မြို့တွင်းရှိ အိမ်ခြေ (၄)လုံးအား ဓာတ်ဆီလောင်း မီးရှို့ရန် ကြိုးစားခဲ့သူ (၃)ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း CNO က ယနေ့မတ်လ(၁၃)ရက်တွင် သတင်းထုတ်ပြန်လာသည်။

၎င်း(၃)ဦးမှာ ဖလမ်းမြို့၌ မီးရှို့ခြင်းမအောင်မြင်သဖြင့် မတ်လ (၆)ရက်နေ့ နံနက်ပိုင်းတွင် ဖလမ်း-ရိဒ်လမ်းမကြီးပေါ်ရှိ လိုင်းမွာလ်ကျေးရွာမရောက်မီ အိမ်တစ်လုံးအား မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ (၃)ဦးအား CCTV မှတ်တမ်းများနှင့် မျက်မြင်သက်သေများ ၏ ပြောကြားချက်များအရ CNO/CNDF မှ လိုက်လံစုံစမ်းရာ Biak Ceu Lal၊ Ceu Lian Hum နှင့် Sang Lian တို့ဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့နှင့် ဇိုခေါထာရ်ရွာတို့တွင် ဖမ်းဆီးခဲ့သဖြင့် CNDF အချုပ်ခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ဒါ့အပြင် မတ်လ (၆)ရက်နေ့ ည (၁၁)နာရီခွဲတွင် ဖလမ်းမြို့၊ တလန်လိုရပ်ကွက် (လန်ပါး)ရှိ နေအိမ်(၃)လုံး မီးလောင်ကျွမ်းမှုတွင်လည်း ၎င်းတို့ (၃)ဦးအား သံသယတရားခံအဖြစ် ထားရှိပြီး စစ်ဆေးမေးမြန်းနေကြောင်း ထုတ်ပြန်ထားသည်။

ဖလမ်းမြို့အတွင်း ပြည်သူလူထု ၏ အိုးအိမ်ပျက်စီးစေလိုမှုနှင့် ကြောက်ရွံ့တုန်လှုပ်စေသောအမှုအား ပြုလုပ်သည့် ၎င်းတို့(၃)ဦးကို ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရန် ဖွဲ့စည်းထားသည့် CNO/CNDF အနေဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ခတ်အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိသည်။