KNDF ၏ ရက်ပေါင်း (၂၂၇)ရက်အတွင်း တိုက်ပွဲ (၁၃၀) ကျော် ဖြစ်ပွားရာ KNDF ဘက်က (၁၃)ဦး ကျဆုံးပြီး အာဏာသိမ်းစစ်တပ်ဘက်က (၂၄၉)ဦး သေဆုံး

KNDF ၏ ရက်ပေါင်း (၂၂၇)ရက်အတွင်း တိုက်ပွဲ (၁၃၀) ကျော် ဖြစ်ပွားရာ KNDF ဘက်က (၁၃)ဦး ကျဆုံးပြီး အာဏာသိမ်းစစ်တပ်ဘက်က (၂၄၉)ဦး သေဆုံး
ဇန်နဝါရီ 2, 2022 | ကယား

နိုင်ငံ့အာဏာသိမ်းခံရပြီးနောက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF)၏ ရက်ပေါင်း (၂၂၇)ရက်အတွင်း တိုက်ပွဲ (၁၃၀)ကျော်ဖြစ်ပွားခဲ့ရာ အာဏာသိမ်းအကြမ်းဖက် စစ်တပ်ဘက်မှ (၂၄၉)ဦး သေဆုံးပြီး KNDF ဘက်က (၁၃)ဦး ကျဆုံးခဲ့ကြောင်း ၂၀၂၁ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ကယား(ကရင်နီ)ပြည်နယ်အတွင်း နှင့် ရှမ်း-ကယားနယ်စပ် အပါအဝင် အာဏာသိမ်းစစ်တပ်နှင့်ဖြစ်ပွားသည့် တိုက်ပွဲကို ၂၀၂၁ခုနှစ် မေလ(၁၉)ရက်နေ့ကစတင်ခဲ့ပြီး ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အကြိမ်ပေါင်း (၁၃၀)ကျော်တွင် KNDF မှ ဦးဆောင် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲပေါင်းမှာ (၈၁)ကြိမ်ရှိကြောင်း သိရသည်။ 

ပုံအညွန်း - KNDF ၏ တိုက်ပွဲ နှစ်ချုပ် အစီရင်ခံချက်

တိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်တပ်ဘက်က သေဆုံးသူ (၂၄၉)ဦးနှင့် ဒဏ်ရာရရှိသူ (၁၄၉)ဦးရှိခဲ့ကြောင်းနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF)ဘက်က ကျဆုံးသူ (၁၃)ဦးရှိပြီး ဒဏ်ရာရရှိသူ (၂၄)ဦးရှိခဲ့သော်လည်း အရပ်သားပြည်သူ သေဆုံးမှုမှာ (၁၄၆)ဦးအထိ ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ 

KNDF သည် တပ်ရင်း(၁၈)ရင်းရှိပြီး လက်ရှိတွင် တပ်ရင်း (၁၆)ရင်းကို တင်းပြည့်ကျပ်ပြည့် စနစ်တကျဖွဲ့စည်းနိုင်ကာ လက်နက်များ တပ်ဆင်လျက်ရှိပြီး ကရင်နီတပ်မတော်၏ စစ်ရေးဦးဆောင်မှုကို ခံယူကာ အခြားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်  ပူးပေါင်းကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ ဆက်လက်  တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားရှိသည်။

#TachileikNewsAgency