ပြည်သူနှင့်အတူရပ်တည်မည့် တပ်ဖွဲ့ဝင်များနှင့် ရဲများကို NUG က မူလ ရာထူးတာဝန်၊ ပင်စင်များ ဆက်လက်ခံစားခွင့် ပေးမည် 

ပြည်သူနှင့်အတူရပ်တည်မည့် တပ်ဖွဲ့ဝင်များနှင့် ရဲများကို NUG က မူလ ရာထူးတာဝန်၊ ပင်စင်များ ဆက်လက်ခံစားခွင့် ပေးမည် 
သြဂုတ် 23, 2021 | နိုင်ငံရေး

အာဏာသိမ်းစစ်ကောင်စီလက်အောက်မှ ထွက်ခွာပြီး ပြည်သူနှင့်အတူ ရပ်တည်လိုသည့် စစ်တပ်မှ တပ်ဖွဲ့ဝင်များနှင့် ရဲများအနေဖြင့် မူလ ရာထူးတာဝန်၊ လစာနှင့် ပင်စင်ခံစားခွင့်များအတိုင်း ဆက်လက်ရရှိမည်ဖြစ်ပြီး ဖက်ဒရယ် တပ်မတော်နှင့် ရဲတပ်ဖွဲ့တွင် အရေးကြီးကဏ္ဍမှ ပူးပေါင်းပါဝင်ခွင့်ရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ပြည်သူ့တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များအား ကြိုဆိုလက်ခံရေးနှင့် တပ်များ ပေါင်းစည်းရေး အတွက် ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်ပါဝင်သော အထူးကော်မတီတစ်ရပ်ကို အမျိုး သားညီညွတ်ရေးအစိုးရက ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလက အသိပေးထုတ်ပြန်ကြေညာလိုက်သည်။

အာဏာသိမ်းအဖွဲ့လက်အောက်မှ ထွက်ခွာ၍ ပြည်သူနှင့်အတူ ရပ်တည်မည့် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များ၏  အသက်လုံခြုံမှု၊ မိသားစုဘဝလုံခြုံမှုနှင့် ဘဝရပ်တည်မှုတို့ကို အာမခံနိုင်သော ကူညီစောင့်ရှောက်မည့်အစီအမံများ ချမှတ် ဆောင်ရွက်သွားမည်ဟုလည်း ဖေါ်ပြထားသည်ကို တွေ့ရသည်။