တာချီလိတ်မြို့ ရောင်နီဦးရှိ လောင်းကစားရုံတွင် COVID 19 ကူးစက်ခံထားရသူ အများအပြားရှိနေသော်လည်း ထိတွေ့အားလုံးကို စစ်ဆေးနိုင်ခြင်း မရှိသေးသည့်အပြင် လောင်းကစားများ ဆက်လက်ဖွင့်ထား

တာချီလိတ်မြို့ ရောင်နီဦးရှိ လောင်းကစားရုံတွင် COVID 19 ကူးစက်ခံထားရသူ အများအပြားရှိနေသော်လည်း ထိတွေ့အားလုံးကို စစ်ဆေးနိုင်ခြင်း မရှိသေးသည့်အပြင် လောင်းကစားများ ဆက်လက်ဖွင့်ထား
ဇူလိုင် 25, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ရောင်နီဦးကွင်းအတွင်း ဖွင့်လှစ်ထားသည့် ကာစီနိုတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ( ၁၂ ) ရက်နေ့က စ၍  COVID 19 အတည်ပြုလူနာ အနည်းဆုံး (၃၀)အထက် တွေ့ရသော်လည်း ဇူလိုင်လ (၂၅) ရက်နေ့အထိ ကာစီနို နှင့် လောင်းကစားရုံကို ဆက်လက်ဖွင့်ထားသည့်အပြင် ထိတွေ့သူများ အားလုံးကိုလည်း စစ်ဆေးပေးနိုင်ခြင်း မရှိသေးကြောင်းသိရသည်။

အဲဒီမှာ တရုတ်တွေရော၊ မြန်မာတွေရော အများကြီးရှိတယ်။ အခုထိ သူတို့ စစ်တာက ဒီထဲကလူတွေထဲကမှ ဆယ်ပုံတစ်ပုံလောက်ပဲ စစ်နိုင်သေးတာ။ အဲဒီထဲကမှ ပိုးတွေ့တဲ့သူတွေကို အဲဒီဝန်းထဲမှာပဲထားတယ်။ ကျန်တဲ့သူတွေကို စစ်ပေးဖို့ကို ကျန်းမာရေးကိုပဲ ခေါ်မလိုလို တခြားကပဲ ခေါ်စစ်ပေးမလိုလိုနဲ့ ခုထိ စစ်မပေးသေးဘူး။ ပိုးတွေ့တဲ့သူတွေကိုလည်း ဒီထဲမှာပဲ ထားပြီး သူတို့ဘာသာ ဆေးတိုက်နေတာလို့ ပြောတယ်။ ကာစီနိုလည်း မပိတ်ဘူး။ ဒီတိုင်းပဲ ဆက်ဖွင့်ထားတယ်။ အရင်ကတော့ ဒီကတရုတ်တွေက အပြင်သွားသွားလာလာ လုပ်ကြတယ်။ ဒီနောက်ပိုင်းတော့ သူတို့ သိပ်မထွက်တော့ဘူး

ဟု အမည်မဖေါ်လိုသည့်သတင်းရင်းမြစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

UWSA ၏ ပြင်ပဆက်ဆံရေးရုံးဘေးတွင်ရှိသည့် ရောင်နီဦးကွင်းအတွင်း ကာစီနိုအပြင် လုပ်ငန်းပေါင်းများစွာကို မည်သည့်အဖွဲ့အစည်းမှ လုပ်ကိုင်သည်ကို မသိရသော်လည်း အဆိုပါဝန်းအတွင်းကိစ္စများနှင့်ပတ်သက်၍  အရပ်ဘက် ဒေသအုပ်ချုပ်ရေးအပါအဝင် ဌာနဆိုင်ရာများအနေဖြင့် ထိထိရောက်ရောက်စီမံခန့်ခွဲနိုင်ခြင်းမရှိသည့်အတွက် အဆိုပါဝန်းအတွင်းမှ COVID 19 ကူးစက်ပျံ့ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ရောင်နီဦးထဲမှာ ဝန်ထမ်းတွေကို လော့ဒေါင်းချထားပေမဲ့ တရုတ်လူမျိုးတွေကတော့ နေ့စဉ်မပျက်အဝင်အထွက်ရှိနေတယ်။ အထဲမှာ မြန်မာဝန်ထမ်းအများစုက တရုတ်အွန်လိုင်းလောင်းကစား ၊ ဟိုတယ် ၊ ကာစီနိုနဲ့ ဆောက်လုပ်ရေးက အလုပ်သမားအများကြီး ရှိနေတာ။ ရောင်နီဦးထဲမှာ စစ်ကြည့်လိုက်တော့ ကိုဗစ်တွေ့တဲ့သူလည်း ထွက်လာရော စစ်တာကို ရပ်လိုက်တယ်။ ပိုးရှိတဲ့သူတွေကိုလည်း ဒီတိုင်းထားပြီး သူတို့ တရုတ်ဆေးပဲလာပေးထားတယ်။ ဒီဆေးသောက်ရင် ပျောက်တယ်ဆိုပြီး ပေးထားတယ်။ အပြင်မှာသွားကုဖို့လည်း လူသိမှာစိုးလို့ ပေးမသွားဘူးတဲ့။ သေသွားရင် လျော်ပေးမယ်လို့ ပြောသတဲ့။ သူတို့မှာ အထောက်အထားမဲ့တရုတ်က ရာနဲ့ချီရှိတော့ အထဲက ကိစ္စတွေ အပြင်မထွက်ဖို့ ခြိမ်းခြောက်ခံနေကြရတယ်

ဟု အမည်မဖေါ်လိုသည့် သတင်းရင်းမြစ်က ဆိုသည်။

တာချီလိတ်မြို့တွင် လက်ရှိအချိန်ထိ COVID 19 အတည်ပြုလူနာ (၁,၀၀၀) နီးပါးစစ်ဆေးတွေ့ထားရပြီး  ကူးစက်ခံရနိုင်ချေရှိသူများအား ရှာဖွေ၍ အသွားအလာကန့်သတ်ကာ ကူးစက်မှုထိန်းချုပ်ခြင်းအား မလုပ်နိုင်ဘဲ ရှိနေချိန်တွင် COVID 19 ကူးစက်မှုကို ဖုံးကွယ်လိုသည့် လုပ်ငန်းနေရာများရှိနေ၍ ဒေသခံများက စိုးရိမ်နေကြသည်။