တာချီလိတ်တွင် ဂက်စ်သေနတ်ဖြင့် ပစ်၍ ဆိုင်ကယ်လုယူခံရသည့် ဆိုင်ကယ်တက္ကစီသမား၏ ဇက်ပိုးဒဏ်ရာ အန္တရာယ်များ၍ မခွဲစိတ်ရသေး

တာချီလိတ်တွင် ဂက်စ်သေနတ်ဖြင့် ပစ်၍ ဆိုင်ကယ်လုယူခံရသည့် ဆိုင်ကယ်တက္ကစီသမား၏ ဇက်ပိုးဒဏ်ရာ အန္တရာယ်များ၍ မခွဲစိတ်ရသေး
သြဂုတ် 24, 2018
By Tachileik News Agency


မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ဆိုင်ကယ်ငှါးရမ်းစီးနင်းသူကို အမည်မသိအမျိုးသား တစ်ဦးမှ ဂက်စ်သေနတ်ဟု ယူဆရသည့် လက်နက်ဖြင့် ပစ်ခတ်ပြီး ဆိုင်ကယ်လုယူသွားပြီးနောက် ဆိုင်ကယ်တက္ကစီ သမား၏ ဒဏ်ရာမှာ ခွဲစိတ်ကုသပါက အန္တရာယ်များသည့်အတွက် ခွဲစိတ်ခြင်းမပြုရန် ဆရာဝန်များက အကြံပြုထားကြောင်း သိရသည်။

“ဒဏ်ရာက ဇက်ပိုးနေရာ ဘယ်ဘက်အကြောမြှောင်းပေါ် ထိသွားတာပေါ့။ ဆရာဝန်ပြောတာက သွေးကြောနဲ့ မလွတ်လို့ ခွဲမပေးဘူး ပြောတယ်။ ဒဏ်ရာကတော့ သက်သာပြီ ဒါပေမဲ့ အကြောကတော့ ကောင်းကောင်း မလှုပ်ရှားနိုင်သေးဘူး”ဟု ဒဏ်ရာရသွားသည့် ကိုဇော်လွင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ ရွှေတာချီခရီးသွားလုပ်ငန်း၏ ဆိုင်ကယ်တက္ကစီအသင်းမှ နဂါးနှစ်ကောင်ဆိုင်ကယ်ဂိတ်ရှိ တက္ကစီတစ်စီးကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့ ည(၁၀)နာရီဝန်းကျင်က ငှါးစီးသွားသည့် ခရီးသည်က တက္ကစီသမားအား ဂက်စ်သေနတ်ဟု ယူဆရသည့် လက်နက်ဖြင့် မေ့လဲစေရန်ပြုလုပ်၍ ဆိုင်ကယ်လုယူသွားသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားခြင်း ဖြစ်သည်။

“အမှုကတော့ စုံစမ်းစစ်ဆေးဆဲပဲ ရှိပါသေးတယ်။ ဒီနေ့ထိတော့ အမှုက ထူးခြားတာမရှိသေးပါဘူး”ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နဂါးနှစ်ကောင်ဘုန်းကြီးကျောင်း ဆိုင်ကယ်တက္ကစီဂိတ်ရှိ ရွှေတာချီဆိုင်ကယ်ကယ်ရီအသင်းမှ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာဘက်သို့ ဆိုင်ကယ်ငှါးစီးသွားသည့် လူငယ်က လမ်းညွှန်သည့် အတိုင်း လိုက်ပါ ပို့ဆောင်ပေးနေစဉ် ပုံလို့လမ်းမကြီးမှ မိုတယ်တစ်ခုသို့ သွားသည့် လမ်းကြားသို့ ကွေ့ဝင်ခဲ့ပြီး ဟိုတယ်အနီး ခြံကွက်လပ် လူပြတ်သည့် နေရာ၌ ဆိုင်ကယ် တက္ကစီသမား၏ လည်ပင်းတွင် ပူသွားပြီး ဆိုင်ကယ်မှ ပြုတ်ကျမေ့လဲသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတိပြန်ရချိန်တွင် အနီးတွင် ဆိုင်ကယ် မရှိတော့သဖြင့် တက္ကစီဂိတ်မှလုပ်ဖော်ကိုင်ဖက်များထံ ဖုန်းဆက် အကြောင်းကြားရာ လုပ်ဖော်ကိုင်ဖက်များက လာရောက်ခေါ်ဆောင်ကာ တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်တက္ကစီမောင်းသူမှာ လည်ပင်းတွင် ဒဏ်ရာရသွားပြီး SHN/7853 နံပါတ်ပါ Wave 110 ဖြူ/ပြာရောင် ဆိုင်ကယ်မှာ လုယူခံလိုက်ရသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၆၆/ဝ၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေးဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍လည်း တာချီလိတ်တွင် ရဲတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့တို့မှ ရှောင်တခင် ပိတ်ဆို့ စစ်ဆေးမှုများကို တစ်နေ့လျှင် (၃)ချိန်ခွဲ၍ ပြုလုပ်နေလျှက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net