တာချီလိတ် - မိုင်းဆတ်လမ်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်လမ်းအဖြစ် ပြုပြင်ရန် ဆွေးနွေးပြီးဖြစ်

တာချီလိတ် - မိုင်းဆတ်လမ်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်လမ်းအဖြစ် ပြုပြင်ရန် ဆွေးနွေးပြီးဖြစ်
သြဂုတ် 4, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် - မိုင်းဆတ်လမ်းပိုင်းအား တာဝန်ယူဆောက်လုပ်ထားသည့် “ဝ”အထူးဒေသ(၂)မှ ရှမ်းပြည်နယ်အစိုးရသို့ လွှဲပြောင်းထားပြီး ဖြစ်သဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြင်ဆင်ရန် ၂၀၁၈ ခုနှစ် မေလ (၂၇)ရက်နေ့တွင် ကျင်းပသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒေသတွင် ယာဉ်ဖြတ်သန်းခအတွက် ကျပ်လေးသောင်း ဝန်းကျင်ပေးနေရသော်လည်း လမ်းပိုင်း ပျက်စီးမှုအား ပြုပြင်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 စုစုပေါင်း (၆၀.၄)မိုင်ရှည်လျားသည့် အဆိုပါ လမ်းပိုင်းအား ၁၉၉၂ ခုနှစ်တွင် "ဝ"အထူးဒေသ(၂)တောင်ပိုင်းမှ ဟုန်ပန်းကုမ္ပဏီဖြင့် ဖေါက်လုပ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်အတွင်း မိုးအဆက်အပြတ် ရွာသွန်း မှုကြောင့် လမ်းပိုင်းအချို့ပျက်စီးခဲ့ရာ ပြန်လည်ပြုပြင်ခြင်းမရှိသဖြင့် ပန်ဆန်းဒေသတွင် “ဝ”ဒေသမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် “ဝ”ဒေသအနေဖြင့် ပြုပြင်ခြင်းမရှိပါက ပြည်နယ်အစိုးရသို့ လွှဲပြောင်းပေးရန် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လွှတ်တော်တွင် ပြန်လည်ဖြေကြားချက်အရ သိရသည်။

လက်ရှိတွင် “ဝ”အထူးဒေသမှ အဆိုပါ လမ်းပိုင်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းပိုင်းအဖြစ် လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းမှာ ပေ (၂၀)အကျယ် မိုင် (၆၀)ရှည်လျားပြီး လမ်းပိုင်းရှိ အတက်အဆင်းကြီးမားသည့် လွယ်ဆမ်ဆုန်တောင်ကြီး၏ (၆)မိုင်ခန့်အရှည်ကို ကတ္တရာလမ်းခင်းထားပြီး  မိုးအဆက်အပြတ် ရွာသွန်းမှုကြောင့် လမ်းပိုင်းအတွင်း သုံးမိုင်ငါးဖာလုံခန့်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းတုံမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဦးက တာချီလိတ် - မိုင်းဆတ်ကားလမ်းမှာ ဆိုးဝါးစွာပျက်စီးနေမှုအား ရာသီမရွေးသွားလာနိုင်မည့်လမ်းအဖြစ် ပြုပြင်ပေးရန် အစီအစဉ်ရှိ၊မရှိနှင့် ပြုပြင်မည့်အချိန်အား ရှိမရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါမေးခွန်းအား မေးမြန်းနိုင်ရန် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့တွင် တင်ပြထားခြင်းဖြစ်သော်လည်း ခြောက်လကျော်မှ တင်ပြခွင့်ရခြင်းမှာ မဖြစ်သင့်ကြောင်းကိုလည်း လွှတ်တော်တွင် တင်ပြခဲ့ခြင်းဖြစ်သည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~