ကရင္ျပည္နယ္တြင္း စစ္ေဘးေရွာင္မ်ား အကူအညီေပးေနသူတစ္ဦး ပစ္ခတ္မႈေၾကာင့္ ေသဆံုးရသည့္အတြက္ အရိုအေသေပး ဂုဏ္ျပဳလႊာထုတ္ျပန္

ကရင္ျပည္နယ္တြင္း စစ္ေဘးေရွာင္မ်ား အကူအညီေပးေနသူတစ္ဦး ပစ္ခတ္မႈေၾကာင့္ ေသဆံုးရသည့္အတြက္ အရိုအေသေပး ဂုဏ္ျပဳလႊာထုတ္ျပန္
ဧပြီ 10, 2018
By 🌸
ကရင္ျပည္နယ္ ဖာပြန္ခရိုင္ လူေသာၿမိဳ႕နယ္ လယ္မူပေလာေဒသတြင္ စစ္ေဘးေရွာင္မ်ားအတြက္ ကူညီႏုိင္ရန္ ေဆာင္ရြက္ေနသည့္ ေစာအိုမွဴး ဧၿပီလ (၅)ရက္ေန႔က ပစ္ခတ္ခံရမႈေၾကာင့္ ေသဆံုးသြားသည့္အတြက္ အရိုအေသေပး ဂုဏ္ျပဳလႊာကို ကရင္သဘာဝပတ္ဝန္းက်င္ႏွင့္ လူမႈလုပ္ရွားမႈကြန္ရက္ (KESAN)က ဧၿပီလ (၉)ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္လိုက္သည္။

ေစာအိုမူးတြင္ ဇနီးေနာ္ေဖါသာႏွင့္ ကေလး (၇) ေယာက္က်န္ခဲ့ၿပီး ၎တို႔မိသားစုသည္ ၂၀၁၈ ခုႏွစ္ မတ္လ (၄) ရက္ေန႔တြင္ စတင္ျဖစ္ပြားသည့္ ကရင္ျပည္နယ္တြင္းတုိက္ပြဲတြင္ ပထမဆံုး တိမ္းေရွာင္ထြက္ေျပး လာရသူမ်ားတြင္ ပါဝင္သူမ်ားျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေသဆံုးမႈမွာ ေဒသတြင္းတုိက္ပြဲေၾကာင့္ ေျမစာပင္ျဖစ္ရသည့္ အျပစ္မဲ့ျပည္သူမ်ား၏ သာဓကတစ္ခုျဖစ္သည္ဟု KESAN က ေဖၚျပထားသည္။

ကရင္တုိင္းရင္းသား အခြင့္အေရး၊ သဘာဝပတ္ဝန္းက်င္ႏွင့္ လူမႈလုပ္ရွားမႈမ်ားတြင္ တက္ၾကြစြာ ဦးေဆာင္ပါဝင္သူ ေစာအိုမူးသည္ ၂၀၁၈ ခုႏွစ္၊ ဧၿပီလ (၅) ရက္ေန႕၌ စစ္ေျပးဒုကၡသည္မ်ား ကူညီႏုိင္ေရး ရပ္ရြာလူထုအသိုင္းအဝန္း အစည္းအေဝးတခုကို တက္ေရာက္ရန္ ဌာေနကရင္ တိုင္းရင္းသား အသိုင္းအဝန္းအဖြဲ႕တခုျဖစ္သည့္ လူေသာေဖါေဒးစင္တာသုိ႔ ဆိုင္ကယ္ျဖင့္ တစ္နာရီခရီးကို သြားေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အစည္းအေဝးမွအျပန္တြင္ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNLA) မွ တပ္သားေစာဆဲဘလုဒိုကို ဆိုင္ကယ္ျဖင့္ ကူညီတင္ေဆာင္လာၿပီး ၎၏ေနအိမ္အနီးအေရာက္ လယ္ကြင္းျပင္တြင္ ျဖတ္သန္းစဥ္ ညေန (၅) နာရီ (၂၀) မိနစ္အခ်ိန္၌ တိုက္ခိုက္မႈႏွင့္ ႀကံဳခဲ့သည္ဟု အတူလိုက္ပါသြားသည့္ KNLA တပ္သား ေစာဆဲဘလုဒိုက ျပန္လည္ေျပာျပျခင္းျဖစ္ၿပီး KNLA တပ္သားမွာ ဆိုင္ကယ္မွ ခုန္ဆင္းကာ ေတာထဲေျပးဝင္သြားသျဖင့္ ထိခိုက္ဒဏ္ရာရျခင္းမရိွဟု သိရသည္။

ေစာအိုမူးေသဆံုးေၾကာင္းကို KNLA က အတည္ျပဳခဲ့ေသာ္လည္း အဆိုပါေနရာတြင္ တုိက္ခုိက္မႈရိွေနသျဖင့္ ၎၏ရုပ္အေလာင္းကို ျပန္လည္ရယူႏိုင္ျခင္းမရိွေသးေၾကာင္း အဆိုပါထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။
ေစာအိုမူးသည္ ၂၀၀၆ ခုႏွစ္မွစၿပီး  KESAN ႏွင့္ ေဒသတြင္းလုပ္ေဖၚကိုင္ဖက္အျဖစ္ လက္တြဲေဆာင္ရြက္ၿပီး ဌာေနကရင္တိုင္းရင္းသားလူထု၏ ရိုးရာဓေလ့ယဥ္ေက်းမႈ ထိန္းသိမ္းေရး၊ ဓေလ့ထံုးတမ္းေျမယာစီမံအုပ္ခ်ဳပ္ေရးစနစ္အားေကာင္းေစေရး၊ ဌာေနကရင္တိုင္းရင္းသားအသိပညာအေျချပဳ ေတာရိုင္းတိရစာၦန္ေလ့လာဆန္းစစ္သူ၊ ကေဆာထယ္ေက်းရြာပိုင္ဘံု သစ္ေတာေကာ္မတီအႀကံေပးပုဂၢိဳလ္အျဖစ္ လုပ္ေဆာင္ခဲ့သည့္အျပင္ လူေသာေဖါေဒးေက်းရြာ ပိုင္ဘံုသစ္ေတာ တာဝန္ခံအျဖစ္လည္း ေဆာင္ရြက္ေနသူျဖစ္ေၾကာင္း သိရသည္။

ယင္းအျပင္ မူေၾတာ္ (ဖာပြန္) ခရိုင္အတြင္း ၅၄၀၀ စတုရန္းကီလိုမီတာ အက်ယ္အဝန္းရွိသည့္ လူထုအေျချပဳသံလြင္ၿငိမ္းခ်မ္းေရးဥယ်ာဥ္ေဖၚေဆာင္ေရး ေကာ္မတီဝင္တဦးလည္းျဖစ္ေၾကာင္း သိရသည္။

ကရင္ျပည္နယ္တြင္း မတ္လ(၄)ရက္ေန႔မွစ၍ ျဖစ္ပြားေသာ တိုက္ပြဲမ်ားေၾကာင့္ ေဒသခံ (၂၃၀၀)ခန္႔မွာ ေနရပ္စြန္႔ခြာ ထြက္ေျပးေနရေၾကာင္း သိရသည္။

Photo:KESAN

~~~~~~~~⊰❂ unicode ~~~~~~~~
ကရင်ပြည်နယ်တွင်း စစ်ဘေးရှောင်များ အကူအညီပေးနေသူတစ်ဦး ပစ်ခတ်မှုကြောင့် သေဆုံးရသည့်အတွက်  အရိုအသေပေး ဂုဏ်ပြုလွှာထုတ်ပြန်
***********
ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသောမြို့နယ် လယ်မူပလောဒေသတွင် စစ်ဘေးရှောင်များအတွက် ကူညီနိုင်ရန် ဆောင်ရွက်နေသည့် စောအိုမှူး ဧပြီလ (၅)ရက်နေ့က ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည့်အတွက် အရိုအသေပေး ဂုဏ်ပြုလွှာကို ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုလုပ်ရှားမှုကွန်ရက် (KESAN)က ဧပြီလ (၉)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

စောအိုမူးတွင် ဇနီးနော်ဖေါသာနှင့် ကလေး (၇) ယောက်ကျန်ခဲ့ပြီး ၎င်းတို့မိသားစုသည် ၂၀၁၈ ခုနှစ် မတ်လ (၄) ရက်နေ့တွင် စတင်ဖြစ်ပွားသည့် ကရင်ပြည်နယ်တွင်းတိုက်ပွဲတွင် ပထမဆုံး တိမ်းရှောင်ထွက်ပြေး လာရသူများတွင် ပါဝင်သူများဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုမှာ ဒေသတွင်းတိုက်ပွဲကြောင့် မြေစာပင်ဖြစ်ရသည့် အပြစ်မဲ့ပြည်သူများ၏ သာဓကတစ်ခုဖြစ်သည်ဟု KESAN က ဖေါ်ပြထားသည်။

ကရင်တိုင်းရင်းသား အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုလုပ်ရှားမှုများတွင် တက်ကြွစွာ ဦးဆောင်ပါဝင်သူ စောအိုမူးသည် ၂၀၁၈ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့၌ စစ်ပြေးဒုက္ခသည်များ ကူညီနိုင်ရေး ရပ်ရွာလူထုအသိုင်းအဝန်း အစည်းအဝေးတခုကို တက်ရောက်ရန် ဌာနေကရင် တိုင်းရင်းသား အသိုင်းအဝန်းအဖွဲ့တခုဖြစ်သည့် လူသောဖေါဒေးစင်တာသို့ ဆိုင်ကယ်ဖြင့် တစ်နာရီခရီးကို သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစည်းအဝေးမှအပြန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ တပ်သားစောဆဲဘလုဒိုကို ဆိုင်ကယ်ဖြင့် ကူညီတင်ဆောင်လာပြီး ၎င်း၏နေအိမ်အနီးအရောက် လယ်ကွင်းပြင်တွင် ဖြတ်သန်းစဉ် ညနေ (၅) နာရီ (၂၀) မိနစ်အချိန်၌ တိုက်ခိုက်မှုနှင့် ကြုံခဲ့သည်ဟု အတူလိုက်ပါသွားသည့် KNLA တပ်သား စောဆဲဘလုဒိုက ပြန်လည်ပြောပြခြင်းဖြစ်ပြီး KNLA တပ်သားမှာ ဆိုင်ကယ်မှ ခုန်ဆင်းကာ တောထဲပြေးဝင်သွားသဖြင့် ထိခိုက်ဒဏ်ရာရခြင်းမရှိဟု သိရသည်။

စောအိုမူးသေဆုံးကြောင်းကို KNLA က အတည်ပြုခဲ့သော်လည်း အဆိုပါနေရာတွင် တိုက်ခိုက်မှုရှိနေသဖြင့် ၎င်း၏ရုပ်အလောင်းကို ပြန်လည်ရယူနိုင်ခြင်းမရှိသေးကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
စောအိုမူးသည် ၂၀၀၆ ခုနှစ်မှစပြီး  KESAN နှင့် ဒေသတွင်းလုပ်ဖေါ်ကိုင်ဖက်အဖြစ် လက်တွဲဆောင်ရွက်ပြီး ဌာနေကရင်တိုင်းရင်းသားလူထု၏ ရိုးရာဓလေ့ယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ဓလေ့ထုံးတမ်းမြေယာစီမံအုပ်ချုပ်ရေးစနစ်အားကောင်းစေရေး၊ ဌာနေကရင်တိုင်းရင်းသားအသိပညာအခြေပြု တောရိုင်းတိရစ္ဆာန်လေ့လာဆန်းစစ်သူ၊ ကဆောထယ်ကျေးရွာပိုင်ဘုံ သစ်တောကော်မတီအကြံပေးပုဂ္ဂိုလ်အဖြစ် လုပ်ဆောင်ခဲ့သည့်အပြင် လူသောဖေါဒေးကျေးရွာ ပိုင်ဘုံသစ်တော တာဝန်ခံအဖြစ်လည်း ဆောင်ရွက်နေသူဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မူတြော် (ဖာပွန်) ခရိုင်အတွင်း ၅၄၀၀ စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိသည့် လူထုအခြေပြုသံလွင်ငြိမ်းချမ်းရေးဥယျာဉ်ဖေါ်ဆောင်ရေး ကော်မတီဝင်တဦးလည်းဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်တွင်း မတ်လ(၄)ရက်နေ့မှစ၍ ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဒေသခံ (၂၃၀၀)ခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။

Photo:KESAN

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~