ကျောက်မဲခရိုင်တွင် ယခုနှစ် အစမှ ဖေဖော်ဝါရီလအထိ မီးလောင်မှု (၅) ကြိမ်ဖြစ်ပွား

ကျောက်မဲခရိုင်တွင် ယခုနှစ် အစမှ ဖေဖော်ဝါရီလအထိ မီးလောင်မှု (၅) ကြိမ်ဖြစ်ပွား
ဖေဖော်ဝါရီ 2, 2018
By Tachileik News Agency






သတင်း #နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ဖေဖော်ဝါရီလ (၂)ရက်နေ့ နံနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားရာ ၂၀၁၈ ခုနှစ်တွင် ကျောက်မဲခရိုင်အတွင်း (၅)ကြိမ်မြောက် မီးလောင်မှုဖြစ်ကြောင်း ကျောက်မဲခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ကျောက်မဲခရိုင်အတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း နမ့်ဆန်မြို့နယ်၌ မီးလောင်မှုလေးခုဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလတွင် ကျောက်မဲမြို့နယ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ မီးသုံးစွဲမှုတိုင်းမှာ သတိရှိရှိ သုံးစွဲကြဖို့၊ လူနေအိမ်တိုင်း၊ အိမ်အဆောက်အဦးတိုင်းမှာ မီးငြိမ်းသတ်ရေး ပစ္စည်း ကိရိယာတွေ ထားရှိဖို့၊ အချိန်နှင့်တစ်ပြေးညီ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်အောင် လေ့ကျင့်ထားကြဖို့နဲ့ လူတိုင်း လူတိုင်း မိမိတို့လက်ကိုင်ဖုန်းထဲမှာ မီးသတ်ဌာနရဲ့ ဖုန်းနံပါတ် ထည့်ထားခြင်း အားဖြင့် မီးလောင်မှုတွေကို အမြန်ဆုံးသိရှိငြိမ်းသတ်နိုင်အောင် ကူညီပေးကြပါလို့ မှာချင်ပါတယ်” ဟု ကျောက်မဲခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခုနှစ်အတွင်း ကျောက်မဲခရိုင်အတွင်း ဖြစ်ပွားခဲ့သည့် မီးလောင်မှု (၅)ကြိမ်တွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် (၁၂,၆၇၉,ဝဝဝ) ရှိခဲ့ပြီး နမ့်ဆန်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် မီးလောင်မှု (၄)ကြိမ်တွင် နေအိမ် စုစုပေါင်း (၁၁)လုံး ဆုံးရှုံးခဲ့ရကြောင်း ကျောက်မဲခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ကျောက်မဲခရိုင်အတွင်း မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာန ဖုန်း ဝ၈၂ ၄၀၀၆၉ သို့ ဆက်သွယ်အကြောင်းကြားကြရန် တိုက်တွန်းထားသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #ကျောက်မဲခရိုင်မီးသတ်ဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~