မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာအုပ်စုအတွင်း၊ ရေပူစမ်းကျေးရွာတွင် ဖေဖော်ဝါရီလ(၁၇)ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့ရသူ (၁၁)ဦးအား ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် မီးဘေးသင့် အိမ်ထောင်စု (၃)စုတွင် လူဦးရေ စုစုပေါင်း (၁၁)ဦး ရှိခဲ့ရာ မိုင်းဆတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင် နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးယာရှဲတို့က ဆန်(၂)အိတ် နှင့် မားမားခေါက်ဆွဲ(၃)ဖာ နှင့် မုန့်မျိုးစုံ (၁)ဖာတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် ကျိုင်းတုံခရိုင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့ ပေးအပ်လာသော ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပလပ်စတစ်ပုံး (၃)ပုံး၊ ဆန်ရိက္ခါ (၇)ရက်စာနှင့် အိမ်ဆောက် ပစ္စည်းများအား မီးဘေးသင့်ပြည်သူများထံ လက်အဝယ်အရောက် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နံနက်ပိုင်းက သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - သန်းဇော်(မိုင်းဆတ်)