အချုပ်သား ၁၀၀ ကျော်ထိန်းသိမ်းထားသည့် တာချီလိတ်မြို့မ ရဲစခန်းအချုပ်ထောင်မှ ထွက်ပြေးတရားခံများနှင့် ကူညီသူများအား နာရီ ၅၀ အတွင်း ဖမ်းဆီးရမိ

အချုပ်သား ၁၀၀ ကျော်ထိန်းသိမ်းထားသည့် တာချီလိတ်မြို့မ ရဲစခန်းအချုပ်ထောင်မှ ထွက်ပြေးတရားခံများနှင့် ကူညီသူများအား နာရီ ၅၀ အတွင်း ဖမ်းဆီးရမိ
ဇန်နဝါရီ 8, 2018
By 🌸
အချုပ်သား ၁၀၀ ကျော်ထိန်းသိမ်းထားသည့် တာချီလိတ်မြို့မ ရဲစခန်းအချုပ်ထောင်မှ ထွက်ပြေးတရားခံများနှင့် ကူညီသူများအား နာရီ ၅၀ အတွင်း ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အချုပ်တရားခံ (၁၀၀)ကျော်ရှိနေသည့် မြို့မရဲစခန်း၏ အချုပ်ထောင်မှ ထွက်ပြေးသွားသည့် အချုပ်တရားခံ (၅)ဦးနှင့် ထွက်ပြေးရန်ကူညီသူ (၂)ဦးတို့အား နာရီ (၅၀)အတွင်း ပြန်လည်ဖမ်းဆီးရမိကြောင်း သိရသည်။

“သူတို့ကို လိုက်ချိတ်ကူညီပေးတဲ့သူတွေကိုလည်း ဖမ်းမိထားတယ်။ သူတို့က အိမ်တစ်အိမ်မှာ စုကြမှာ။ သူတို့အပြင်ရောက်ရင် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ပေးထားကြတာ။ နောက်ဆုံးကျန်တဲ့တစ်ယောက်က ဒီနေ့ သချိုၤင်းမှာ ပုန်းနေတာ။ သွားဖမ်းတဲ့အချိန်မှာ ထွက်ပြေးတယ်။ တပ်ဖွဲ့တွေ လုံးထွေးပြီး ဖမ်းရတာ”

ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထိန်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ် မြို့မရဲစခန်း၏ အချုပ်ထောင်တွင် အချုပ်တရားခံ အမျိုးသား (၁၀၁)ဦးနှင့် အမျိုးသမီး (၁၂)ဦး ရှိသည့်အနက် အချုပ်တရားခံ အမျိုးသား (၃၂)ဦးထားရှိသည့် အချုပ်ခန်းအမှတ် (၃)၏ အမိုးသံတန်းအား ဖြတ်၍ သက်ငယ်မုဒိန်းမှုဖြင့် ထောင်ဒဏ် (၂၂)နှစ် ချမှတ်ခံထားရသည့် နေလင်း (ခ) နေမင်း၊ ထောင်ဒဏ် (၁၆)နှစ် ကျခံနေရသည့် မူးယစ်တရားခံ ကိုသက်(ခ)မြဝင်း၊ ခိုးမှုတရားခံများဖြစ်သည့် စောမျိုးအောင်နှင့် စိုင်းမင်းသူ၊ မူးယစ်တရားခံ ဉာဏ်လင်း(ခ)ဉာဏ်ဝင်းတို့ ဇန်နဝါရီလ (၆)ရက်နေ့တွင် ထွက်ပြေးသွားခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အချုပ်တရားခံ (၅)ဦးသည် ဇန်နဝါရီလ (၆)ရက်နေ့ နံနက် (၃)နာရီ (၄၀)မိနစ်တွင် အချုပ်ထောင်၏ အချုပ်ခန်းအိမ်သာ အမိုးသံတန်းအား သံဖြတ်လွှဖြင့်ဖြတ်၍ အပေါ်သံဇကာအား ဆွဲခွာကာ တက်ရောက်ပြီး အချုပ်ခန်းအမိုးအား ဆွဲလန်၍ မြေပြင်သို့ ခုန်ချထွက်ပြေးသွားခဲ့သဖြင့် ရဲမှူး သန်းနု၊ မြို့မရဲတပ်ဖွဲ့ စခန်းမှူး ဒုရဲမှူး ကြည်စိုးတို့အဖွဲ့မှ လိုက်လံဖမ်းဆီးရာ နံနက် (၄)နာရီ မိနစ် (၂၀)အချိန်တွင် ဘုရင့်နောင်ရုပ်ထုနှင့် ရွှေတြိဂံဟိုတယ်ကြားတွင် တရားခံစောမျိုးအောင်ကိုလည်းကောင်း၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထိန်ဝင်းဦးဆောင်သည့်အဖွဲ့က နံနက် (၄)နာရီခွဲအချိန်တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မြို့ပတ်လမ်းပေါ်တွင် တရားခံနေလင်းအောင် (ခ) နေမင်းအား လည်းကောင်း၊ နံနက် (၉)နာရီ (၄၀)မိနစ်အချိန်တွင် ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)တွင် စိုင်းမင်းသူအားလည်းကောင်း ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး နှစ်ယောက်မှာ လွတ်မြောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွက်ပြေးသည့်အချုပ်သား (၅)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် ဇန်နဝါရီလ (၆)ရက်နေ့က (ပ) ၆/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့်ပြီး ထွက်ပြေးလွတ်မြောက်သွားသည့် တရားခံနှစ်ဦးအား ဆက်လက်ရှာဖွေဖမ်းဆီးရာ တရားခံ ဉာဏ်လင်း(ခ) ဉာဏ်ဝင်းအား ဇန်နဝါရီလ (၇)ရက်နေ့တွင် ပြန်လည်ဖမ်းဆီးရမိကြောင်း သိရသည်။

နောက်ဆုံး လွတ်မြောက်နေသည့် တရားခံတစ်ဦးအား ဇန်နဝါရီလ (၈)ရက်နေ့ ညနေ (၅)နာရီခွဲဝန်းကျင်တွင် လွယ်စတုံရွာ၊ တာဝေမီးစက်အနောက်ဘက် လယ်ကွင်းပြင်တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အချုပ်ခန်းဖေါက်ထွက်ပြေးသူများအား စစ်ဆေးရာတွင် ထွက်ဆိုချက်များအရ ၎င်းတို့သည် တော်ကော့ရပ်ကွက်ရှိ လူမနေသည့်နေအိမ်တွင် လူစုကာ တာချီလိတ်မြို့ပေါ်ရှိ ရွှေဆိုင်များ၊ စတိုးဆိုင်ကြီးများအား အလစ်အငိုက်ဝင်ရောက် ဓားပြတိုက်လုယက်ကာ နေရပ်ဒေသအသီးသီးသို့ လူစုခွဲကြရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရဲစခန်းအချုပ်ခန်းတွင် အချုပ်သား (၂၀)မှ (၃၀)အထိသာ ထားလေ့ရှိသော်လည်း တာချီလိတ်မြို့မရဲစခန်း အချုပ်ထောင်တွင် အချုပ်သား ရာဂဏန်းအထိ ထိန်းသိမ်းရလေ့ရှိကြောင်း သိရသည်။

Tachileik News Agency