မုိင္းျဖတ္ၿမိဳ႕နယ္တြင္ ဧကတစ္သိန္းခြဲနီးပါး သတၳဳလုပ္ကြက္ေလွ်ာက္ထားမႈႏွင့္ပတ္သက္၍ ေဒသခံမ်ားနွင့္ ဒုတိယအႀကိမ္ ထပ္မံေတြ႕ဆံု

မုိင္းျဖတ္ၿမိဳ႕နယ္တြင္ ဧကတစ္သိန္းခြဲနီးပါး သတၳဳလုပ္ကြက္ေလွ်ာက္ထားမႈႏွင့္ပတ္သက္၍ ေဒသခံမ်ားနွင့္ ဒုတိယအႀကိမ္ ထပ္မံေတြ႕ဆံု
ဇန်နဝါရီ 7, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ မုိင္းျဖတ္ၿမိဳ႕နယ္တြင္ သတၱဳတူးေဖာ္ေရးလုပ္ငန္းအတြက္ ဧက တစ္သိန္းခြဲနီးပါး ေလွ်ာက္ထားမႈႏွင့္ ပတ္သက္၍ လုပ္ကြက္ ေလွ်ာက္ထားသည့္ ကုမၸဏီ၊ ဌာနဆုိင္ရာတာဝန္ရိွသူမ်ားႏွင့္ ေဒသခံမ်ား ဇန္နဝါရီလ (၇)ရက္ေန႔က မုိင္းျဖတ္ၿမိဳ႕တြင္ ေတြ႔ဆံုေၾကာင္း သိရသည္။

မုိင္းျဖတ္ၿမိဳ႕နယ္အတြင္း သတၳဳလုပ္ငန္း လုပ္ကိုင္ခြင့္အတြက္ Access Resources Asia (ARA) က ေလွ်ာက္ထားသည့္ကိစၥႏွင့္ပတ္သက္၍ ေတြ႔ဆံုေဆြးေႏြးပြဲအား မုိင္းျဖတ္ၿမိဳ႕နယ္ ဟိုနားေက်းရြာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ ဇန္နဝါရီလ (၇)ရက္ေန႔ နံနက္ (၁၀)နာရီတြင္ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

“ေဒသခံေတြကေတာ့ အခုခ်ိန္ထိ ကန္႔ကြက္ထားပါတယ္။ သူတုိ႔လည္း ကြင္းဆင္းစစ္ေဆးၿပီး ေတြ႔ရိွရတဲ့အခ်က္အလက္ေတြကို စုစည္းၿပီး အထက္ကိုတင္ျပမယ္လို႔ သိရပါတယ္။ သူတို႔ကို တကယ့္ေျမျပင္ကို ကြင္းဆင္းဖို႔ အႀကံျပဳပါတယ္။ ဒါေပမဲ့ သူတို႔က ဒီမွာပဲ အဆင္ေျပပါတယ္ဆိုၿပီး အစည္းအေဝးလုပ္တာပါ”ဟု အဆိုပါေဆြးေႏြးပြဲအား တက္ေရာက္သူတစ္ဦးျဖစ္သည့္ လားဟူပါတီ မုိင္းျဖတ္ၿမိဳ႕နယ္ ဥကၠဌ ဦးဒါဝိက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ေတြ႔ဆံုေဆြးေႏြးပြဲသို႔ မုိင္းျဖတ္ၿမိဳ႕နယ္မွ လားဟူပါတီ၊ ရွမ္းတုိင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီႏွင့္ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီတို႔မွ တာဝန္ရိွသူမ်ား၊ မုိင္းျဖတ္ၿမိဳ႕နယ္အတြင္းမွ ေက်းရြာအုပ္စု (၁၃)ခု၏ သူႀကီးမ်ား၊ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ား (၁၅)ဦး၊ ေရႊတူးေဖၚေရးေလွ်ာက္ထားသည့္ ကုမၸဏီမွ ဘူမိေဗဒပညာရွင္၊ မုိင္းျဖတ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ေျမစာရင္းဦးစီးဌာန၊ သစ္ေတာဦးစီးဌာနမွ တာဝန္ရိွသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္မွ ေဒသခံမ်ားက အဆိုပါသတၳဳလုပ္ငန္းအား ကန္႔ကြက္ေၾကာင္း လက္မွတ္ေရးထုိး၍ ရွမ္းျပည္နယ္အစိုးရထံ တင္ျပထားသျဖင့္ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၉)ရက္ေန႔တြင္ တာခ်ီလိတ္ခရိုင္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန ဦးေဆာင္သည့္ သက္ဆုိင္ရာ တာဝန္ရိွသူမ်ားက ေဒသခံမ်ားႏွင့္  မုိင္းျဖတ္ၿမိဳ႕၌ ကြင္းဆင္းစစ္ေဆးခဲ့ၿပီးေနာက္ ၂၀၁၈ ခုႏွစ္အတြင္း ေဒသခံမ်ားႏွင့္ ထပ္မံေတြ႕ဆံုျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လုပ္ကြက္စမ္းသပ္လုပ္ကိုင္ရန္ ေလွ်ာက္ထားသည့္ ႏုိင္ငံျခားကုမၸဏီတစ္ခုမွ တာဝန္ရိွသူမ်ားက မုိင္းျဖတ္ၿမိဳ႕နယ္ အတြင္းမွ ေက်းရြာအုပ္စု (၁၃)ခု၏ သူႀကီးမ်ား၊ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားထံ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ (၇)ရက္ေန႔က သြားေရာက္ေတြ႔ဆံုၿပီး သေဘာတူလက္မွတ္ထိုးရယူခဲ့ျခင္းျဖစ္ေသာ္လည္း ေက်းရြာေဒသခံမ်ားက လက္ခံႏုိင္ျခင္း မရိွသျဖင့္ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ထံ လိပ္မူ၍ ကန္႔ကြက္စာ ေပးပို႔ထားျခင္းေၾကာင္း သိရသည္။

“အရင္က ကုမၸဏီက ႏွစ္ေယာက္ ကၽြန္ေတာ္တို႔ဆီ လာၿပီးေတာ့မွ ေဆြးေႏြးတယ္။ သူတုိ႔ စမ္းသပ္မယ္။ သူတို႔စမ္းသပ္ရင္ ငါးေပပတ္လည္ မေက်ာ္ပါဘူး။ ထိခုိက္သြားတဲ့ ဟာကိုလည္း ေလ်ာ္ေပးမယ္ဆိုၿပီး ေျပာတယ္။ ကၽြန္ေတာ္လည္း ေဒသမွာ ဘာမွ မထိခိုက္ဘူးဆိုေတာ့ လက္မွတ္ ထိုးေပးလုိက္တာေပါ့။ ေနာက္ေတာ့ ေက်းရြာလူထုနဲ႔ အစည္းအေဝးလုပ္ၿပီး ေျပာေတာ့ သူတို႔လက္မခံၾကဘူး။ သူတို႔ေျပာတာက တာေလကို ၾကည့္ပါ။ ဘယ္ေလာက္ပ်က္စီးသြားသလဲ။ ကၽြန္ေတာ္တို႔ဆီမွာလုပ္ရင္ အဲဒီလို ပ်က္စီးသြားမယ္ဆိုၿပီး ကန္႔ကြက္ၾကတယ္”ဟု ေက်းရြာအုပ္စု (၁၃)ခုတြင္ ပါဝင္သည့္ ဝမ္လံုေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး စိုင္းေဆထက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ကုမၸဏီအေနျဖင့္ စမ္းသပ္ကာလလုပ္ကိုင္ခြင့္ျပဳရန္ ေက်းရြာအုပ္စု(၁၃)ခု၏ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားထံမွ သေဘာတူေၾကာင္း လက္မွတ္ထိုးမ်ားကို ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ အတြင္းရယူခဲ့ရာ အမ်ားစုထံမွ သေဘာတူလက္မွတ္မ်ား ရရိွခဲ့ျခင္းျဖစ္ေသာ္လည္း အဆိုပါ သေဘာတူလက္မွတ္မ်ားသည္ ေဒသခံမ်ားထံမွ ဆႏၵသေဘာထား မဟုတ္ေၾကာင္း ကန္႔ကြက္ထားၾကျခင္းျဖစ္သည္။

သတင္း #အင္မိုင္ခ
ဓါတ္ပံု #DW

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဖြတ်မြို့နယ်တွင် ဧကတစ်သိန်းခွဲနီးပါး သတ္ထုလုပ်ကွက်လျှောက်ထားမှုနှင့်ပတ်သက်၍ ဒေသခံများနှင့် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံ
******
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် သတ္တုတူးဖော်ရေးလုပ်ငန်းအတွက် ဧက တစ်သိန်းခွဲနီးပါး လျှောက်ထားမှုနှင့် ပတ်သက်၍ လုပ်ကွက် လျှောက်ထားသည့် ကုမ္ပဏီ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံများ ဇန်နဝါရီလ (၇)ရက်နေ့က မိုင်းဖြတ်မြို့တွင် တွေ့ဆုံကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်အတွင်း သတ္ထုလုပ်ငန်း လုပ်ကိုင်ခွင့်အတွက် Access Resources Asia (ARA) က လျှောက်ထားသည့်ကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲအား မိုင်းဖြတ်မြို့နယ် ဟိုနားကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဇန်နဝါရီလ (၇)ရက်နေ့ နံနက် (၁၀)နာရီတွင် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

“ဒေသခံတွေကတော့ အခုချိန်ထိ ကန့်ကွက်ထားပါတယ်။ သူတို့လည်း ကွင်းဆင်းစစ်ဆေးပြီး တွေ့ရှိရတဲ့အချက်အလက်တွေကို စုစည်းပြီး အထက်ကိုတင်ပြမယ်လို့ သိရပါတယ်။ သူတို့ကို တကယ့်မြေပြင်ကို ကွင်းဆင်းဖို့ အကြံပြုပါတယ်။ ဒါပေမဲ့ သူတို့က ဒီမှာပဲ အဆင်ပြေပါတယ်ဆိုပြီး အစည်းအဝေးလုပ်တာပါ”ဟု အဆိုပါဆွေးနွေးပွဲအား တက်ရောက်သူတစ်ဦးဖြစ်သည့် လားဟူပါတီ မိုင်းဖြတ်မြို့နယ် ဥက္ကဌ ဦးဒါဝိက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မိုင်းဖြတ်မြို့နယ်မှ လားဟူပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့မှ တာဝန်ရှိသူများ၊ မိုင်းဖြတ်မြို့နယ်အတွင်းမှ ကျေးရွာအုပ်စု (၁၃)ခု၏ သူကြီးများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ (၁၅)ဦး၊ ရွှေတူးဖေါ်ရေးလျှောက်ထားသည့် ကုမ္ပဏီမှ ဘူမိဗေဒပညာရှင်၊ မိုင်းဖြတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်မှ ဒေသခံများက အဆိုပါသတ္ထုလုပ်ငန်းအား ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုး၍ ရှမ်းပြည်နယ်အစိုးရထံ တင်ပြထားသဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့တွင် တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်သည့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဒေသခံများနှင့်  မိုင်းဖြတ်မြို့၌ ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်အတွင်း ဒေသခံများနှင့် ထပ်မံတွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ကွက်စမ်းသပ်လုပ်ကိုင်ရန် လျှောက်ထားသည့် နိုင်ငံခြားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူများက မိုင်းဖြတ်မြို့နယ် အတွင်းမှ ကျေးရွာအုပ်စု (၁၃)ခု၏ သူကြီးများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံ ၂၀၁၇ ခုနှစ် သြဂုတ်လ (၇)ရက်နေ့က သွားရောက်တွေ့ဆုံပြီး သဘောတူလက်မှတ်ထိုးရယူခဲ့ခြင်းဖြစ်သော်လည်း ကျေးရွာဒေသခံများက လက်ခံနိုင်ခြင်း မရှိသဖြင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ လိပ်မူ၍ ကန့်ကွက်စာ ပေးပို့ထားခြင်းကြောင်း သိရသည်။

“အရင်က ကုမ္ပဏီက နှစ်ယောက် ကျွန်တော်တို့ဆီ လာပြီးတော့မှ ဆွေးနွေးတယ်။ သူတို့ စမ်းသပ်မယ်။ သူတို့စမ်းသပ်ရင် ငါးပေပတ်လည် မကျော်ပါဘူး။ ထိခိုက်သွားတဲ့ ဟာကိုလည်း လျော်ပေးမယ်ဆိုပြီး ပြောတယ်။ ကျွန်တော်လည်း ဒေသမှာ ဘာမှ မထိခိုက်ဘူးဆိုတော့ လက်မှတ် ထိုးပေးလိုက်တာပေါ့။ နောက်တော့ ကျေးရွာလူထုနဲ့ အစည်းအဝေးလုပ်ပြီး ပြောတော့ သူတို့လက်မခံကြဘူး။ သူတို့ပြောတာက တာလေကို ကြည့်ပါ။ ဘယ်လောက်ပျက်စီးသွားသလဲ။ ကျွန်တော်တို့ဆီမှာလုပ်ရင် အဲဒီလို ပျက်စီးသွားမယ်ဆိုပြီး ကန့်ကွက်ကြတယ်”ဟု ကျေးရွာအုပ်စု (၁၃)ခုတွင် ပါဝင်သည့် ဝမ်လုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စိုင်းဆေထက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကုမ္ပဏီအနေဖြင့် စမ်းသပ်ကာလလုပ်ကိုင်ခွင့်ပြုရန် ကျေးရွာအုပ်စု(၁၃)ခု၏ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံမှ သဘောတူကြောင်း လက်မှတ်ထိုးများကို ၂၀၁၇ ခုနှစ် သြဂုတ်လ အတွင်းရယူခဲ့ရာ အများစုထံမှ သဘောတူလက်မှတ်များ ရရှိခဲ့ခြင်းဖြစ်သော်လည်း အဆိုပါ သဘောတူလက်မှတ်များသည် ဒေသခံများထံမှ ဆန္ဒသဘောထား မဟုတ်ကြောင်း ကန့်ကွက်ထားကြခြင်းဖြစ်သည်။

သတင်း #အင်မိုင်ခ
ဓါတ်ပုံ #DW

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~