တာချီလိတ်မြို့မှ ( ဈ )မြေကွက်သစ်စီမံကိန်းနှင့် ပတ်သက်၍ ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် သက်ဆိုင်ရာဌာနများအား ကန့်ကွက်ထား

တာချီလိတ်မြို့မှ ( ဈ )မြေကွက်သစ်စီမံကိန်းနှင့် ပတ်သက်၍ ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် သက်ဆိုင်ရာဌာနများအား ကန့်ကွက်ထား
နိုဝင်ဘာ 27, 2017 | ရှမ်းရှေ့
By Tachileik News Agency
 
 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စု၊ လွယ်စတုံကျေးရွာအနီးမှ မြို့ကွက်သစ် စီမံကိန်း ဖော်ဆောင်နေသည့် မြေဧရိယာ (၉၃.၁၉)ဧကသည် နှစ်ပေါင်း (၃၀) လုပ်ကိုင်ခွင့်ရထားဆဲမြေဖြစ်သဖြင့် မြို့ကွက်သစ်စီမံကိန်း ဖော်ဆောင်ခြင်းအား ဆက်လက် လုပ်ဆောင်ခြင်း မပြုရန် ဒေါ်နန်းခမ်းတစ်က သက်ဆိုင်ရာ ဌာနများထံ အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

၂၀၁၀ ခုနှစ်က စတင်နေသည့် အဆိုပါ မြို့ကွက်သစ်စီမံကိန်းမှာ (၇)နှစ်ကြာသည်အထိ အကောင်အထည် မဖော်နိုင်ဘဲ ရှိနေပြီး အဆိုပါ စီမံကိန်းဖော်ဆောင်သည့်နေရာတွင် နေထိုင်သူအချို့အား ကျူးကျော်နေထိုင်ခြင်း မလုပ်ဆောင်ရန် ၂၀၁၇ ခုနှစ် ဇွန်လ(၁၈)ရက်နေ့မှစ၍ ဒေသတွင်း သက်ဆိုင်ရာဌာနများက တားမြစ်နေချိန်တွင် အဆိုပါမြေယာအား မြေလွတ်မြေရိုင်း ဖော်ထုတ်လုပ်ကိုင်ခွင့် နှစ်(၃၀)ခွင့်ပြုချက်ရထားဆဲဖြစ်သည်ဟု ဆိုသည့် ဒေါ်နန်းခမ်းတစ်က ကန့်ကွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

“နန်းခမ်းတစ် ဒီခြံမြေနေရာကို အစိုးရဆီမှာ နှစ် (၃၀)စီမံကိန်း မလျှောက်ခင်ကတည်းက ဒေသခံတွေက ဆားငံသီးပင်၊ သရက်ပင်၊ လိုင်ချီးပင်တွေ စိုက်နေကြတဲ့ မြေတွေပါ။ ဒီခြံတွေကို နန်းခမ်းတစ်က ဝယ်ထားတာပါ။ အစိုးရဆီ လုပ်ကိုင်ခွင့်လျှောက်တော့ သူ့ကို နှစ် (၃၀)လုပ်ကိုင်ခွင့်ပေးတော့လည်း သရက်ပင်တွေ ထပ်စိုက်ထားတဲ့ နေရာတွေပါ။ ဒါတွေကို အကုန်လုံး ဖျက်ဆီးခံရပြီး မြို့သစ်စီမံကိန်းဆိုတာ လုပ်လာတာပါ။ စလုပ်ကတည်းကလည်း ကန့်ကွက်နေတာပါ။ အခုမှ မဟုတ်ပါဘူး။ အခုက ကျွန်တော်တို့က ဥပဒေအရပဲ လုပ်ဖို့ စဉ်းစားထားတာပါ။ နို့တစ်စာတွေလည်း ပို့ထားလိုက်ပါပြီ။ ပြည်နယ်အစိုးရရော ဒီက သက်ဆိုင်တဲ့ဌာနတွေ အကုန်လုံးကို ပို့ထားပြီးပါပြီ။ နိုဝင်ဘာလ (၁၆)ရက်နေ့ကတည်းက စာတိုက်ကနေ ပို့လိုက်တာပါ”ဟု ဒေါ်နန်းခမ်းတစ်၏ နှစ် (၃၀)စီမံကိန်း စိုက်ပျိုးမြေအား ခြံစောင့်အဖြစ် တာဝန် ယူထားသည့် ဦးယောရှုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ မြေယာကွက်သစ် စီမံကိန်းဖော်ဆောင်သည့် မြေမှာ ယခင်က ဒေါ်နန်းခမ်းတစ် နှစ်(၃၀)လုပ်ကိုင်ခွင့် ရထားသည့် စိုက်ပျိုးမြေဖြစ်ပြီး စိုက်ခင်းများအား ဦးဇော်ဇော်ထွန်းဆိုသူက ဝင်ရောက် ခုတ်ထွင်ရှင်းလင်းကာ မြေလွတ်မြေရိုင်းအဖြစ် မြေယာကွက်သစ်ဖော်ဆောင်ခွင့် လျှောက်ထားခြင်းများ လုပ်ဆောင်သည့် ၂၀၀၉ ခုနှစ်ကတည်းက ကန့်ကွက်နေခြင်းဖြစ်သော်လည်း ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(အရှေ့ပိုင်း) ကျိုင်းတုံမြို့က ၂၀၁၀ ခုနှစ် သြဂုတ်လက မြေယာကွက်သစ်စီမံကိန်းအား ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ဦးယောရှုက ဆိုသည်။

“ဦးဇော်ဇော်ထွန်းက အဲဒီအချိန်တုန်းက အခက်အခဲ ရှိတဲ့အတွက် ကျွန်တော့်နားမှာလာပြီး လာကူညီ စိုက်ပျိုးမယ် ဆိုပြီး လာနေပါတယ်။ အဲဒီနောက်ပိုင်း ၂၀၀၉ ခုနှစ်မှာ သူကလူတွေငှားပြီး ခြံထဲက စိုက်ထားတဲ့အပင်တွေကို ခုတ်ပြီး မီးသွေးဖုတ်တဲ့ထင်းအဖြစ် ရောင်းတယ်။ မီးတွေရှို့ပြီး ဓာတ်ပုံတွေရိုက်ပြီး အထက်ကို တင်လိုက်တယ်။ နောက်ပြီး ဘက်ဟိုးငှားပြီး မြေတူးပြီး ရောင်းတယ်။ အထက်ကိုလည်း ဒီနေရာဟာ ဘယ်သူမှ မရှိပါဘူးဆိုပြီး အထက်ကို စာတင်လိုက်တယ်။ ဒီလိုလုပ်တာတွေကို ကျွန်တော့် အနေနဲ့ ဝင်တားတော့လည်း ဓားနဲ့လိုက်ခုတ်တာတွေ လုပ်တယ်။ ဒီတော့ ကျွန်တော်လည်း မဝင် ရဲတော့ဘူး။ ဒီနောက်မှာ ဒီနေရာက နိုင်ငံတော်က သိမ်းပါတယ်ဆိုပြီး မြေကွက်ဖော်ဖို့ လျှောက်ထား တာတွေ လုပ်လာတယ်။ ကျွန်တော်လည်း နန်းခမ်းတစ်ရဲ့ ခြံစောင့်အနေနဲ့ ရဲစခန်းကို သွားတိုင်ပါတယ်။ ရဲစခန်းကလည်း အမှုဖွင့်မပေးပါဘူး။ စာတင်တာတွေလည်း တောက်လျှောက်လုပ်ခဲ့ပေမဲ့ သူတို့ ဘက်ကလည်း ဆက်ပြီး လုပ်ဆောင်နေတာပါ။ သူတို့က စွန့်ပစ်တယ်လို့ သုံးတယ်။ နန်းခမ်းတစ်က သူ့ခြံကို ဘယ်တုန်းကမှ စွန့်ပစ်မထားပါဘူး။ စိုက်ပျိုးထားတာတွေကို ကျွန်တော်က ခြံစောင့်အနေနဲ့ တာဝန်ယူ စောင့်ရှောက်နေတာပါ။ သူတို့က စိုက်ထားတာတွေ ဖျက်သွားပြီး လိမ်လည် လျှောက်ထားခဲ့တာပါ။ ကျွန်တော်တို့မှာ သက်သေဓာတ်ပုံတွေလည်းရှိပါတယ်။ အခုက စိုက်ထားတာတွေလည်း ဖျက်ခံရတယ်။ မြေလည်း သိမ်းခံရတယ်။ သိမ်းခံရတဲ့မြေအတွက်လည်း ဘာမှညှိနှိုင်းတာမျိုးမရှိဘဲ ဆုံးရှုံးနေရတာပါ ”ဟု ဦးယောရှုက ပြောသည်။

အဆိုပါ မြို့ကွက်သစ်စီမံကိန်းဖော်နေသည့် မြေယာများမှာ ဒေါ်နန်းခမ်းတစ်က ၁၉၉၈ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ နှစ်ပေါင်း (၃၀) လုပ်ကိုင်ခွင့်ရထားပြီး လက်ရှိအချိန်ထိ တရားဝင် ပြန်လည် ရုပ်သိမ်းခြင်းမရှိသေးကြောင်းနှင့် ဖျက်ဆီးခံရသည့် လိုင်ချီး၊ သရက်၊ ဆားငံသီးပင်များအတွက် နစ်နာကြေး ပေးခြင်း၊ အဆိုပါ မြေယာကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခြင်းများ မရှိကြောင်း ဦးယောရှုထံမှ သိရသည်။

အဆိုပါ စီမံကိန်းမြေနှင့်ပတ်သက်၍ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့ ရက်စွဲဖြင့် ရှမ်းပြည်နယ်ဥက္ကဌ၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီထံသို့ ပေးပို့ထားသည့်စာတွင် ဒေါ်နန်းခမ်းတစ်၏ မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့် နှစ် (၃၀)ရရှိထားသောမြေဧရိယာ (၉၃.၁၉)ဧကအတွက် မြေပိုင်ရှင်၏ဆုံးရှုံးနစ်နာမှုများအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဖြေရှင်းဆောင်ရွက်ပေးရန် အကြောင်းကြားထားကြောင်း သိရသည်။

"ဒီမြေယာရဲ့ မြေရာဇဝင်ကို ကျွန်တော့်အနေနဲ့ ရှင်းပြရမယ်ဆိုရင်တော့ (၉၃.၁၉)ဧကဟာ ယခင်က မြေလွတ် မြေရိုင်းမြေဖြစ်ပြီးတော့မှ ဒေါ်နန်းခမ်းတစ်က သရက်ပင်တွေ စိုက်ပျိုးမယ်ဆိုပြီးတော့ မြေလွတ် မြေရိုင်း ကော်မတီကို လျှောက်ထားချက်အရ ဗဟို မြေလွတ်မြေရိုင်းများ စီမံခန့်ခွဲရေး အဖွဲ့ကနေပြီး မြေလွတ်မြေရိုင်း ဖော်ထုတ်လုပ်ကိုင်ခွင့် နှစ်(၃၀)ခွင့်ပြုပေးခဲ့တဲ့ မြေယာတွေ ဖြစ်ခဲ့ပါတယ်။ တစ်ချိန်တုန်းက ပေါ့နော်။ ကျွန်တော်တို့ စစ်ဆေးတွေ့ရှိချက်အရတော့ ဒေါ်နန်းခမ်းတစ်က သရက်ပင်တွေ စိုက်ပျိုးခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ စွန့်ပစ်ခဲ့တယ်။ အဲဒီမှာ ဦးစိန်မောင်နဲ့ ဦးဇော်ဇော်ထွန်းတို့ကနေပြီး တောင်ယာစပါးတွေနဲ့ သီးနှံစိုက်ပျိုးခဲ့တယ်။ ပြီးတော့မှ အဲဒီနှစ်ယောက်ကနေပြီးတော့ အမည်ပေါက် လုပ်ကိုင်ခွင့် ရရှိဖို့အတွက် လျှောက်ထားခဲ့တယ်။ ဒေါ်နန်းခမ်းတစ် မြေယာကို ပြန်လည်လုပ်ကိုင်ခွင့် ရုပ်သိမ်းပေးဖို့ ဆိုပြီးတော့ ခရိုင်မြေစာရင်းဦးစီးဌာနကနေပြီး ပြည်နယ်မြေစာရင်း ဦးစီးဌာနကို အမှုတွဲတင်ပြထားတာကို တွေ့ရှိရတယ်။ အခုချိန်ထိတော့ မြေလွတ် မြေရိုင်း ပြန်လည်ရုပ်သိမ်းတဲ့ တရားဝင် အမိန့်စာတော့ ကျွန်တော်တို့ဆီကို ပြန်လည်ပြီး ကျလာတာ မရှိသေးဘူး။ ဒါပေမဲ့ လုပ်ကိုင်ခွင့် ရုပ်သိမ်းပေးဖို့ကိုတော့ ပြည်နယ်ကို တင်ပြထားတာကို တွေ့ရှိရပါတယ်"ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က အဆိုပါ မြေယာနှင့် ပတ်သက်၍ ၂၀၁၇ခုနှစ် ဇွန်လ (၁၄)ရက်နေ့က မြေရာဇဝင်အား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ မြေယာကိစ္စနှင့် ပတ်သက်၍ မြေလွတ်မြေရိုင်း လုပ်ကိုင်သည့် ပြန်လည်ရုပ်သိမ်းသော တရားဝင် အမိန့်စာမှာ တာချီလိတ်ရှိ သက်ဆိုင်ရာဌာနများသို့ ရောက်ရှိလာခြင်း မရှိသေးသော်လည်း ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အရှေ့ပိုင်း(ကျိုင်းတုံ)မှ ၂၀၁၀ခုနှစ် သြဂုတ်လ(၂၈)ရက်နေ့တွင် အဆိုပါနေရာအား မြို့ကွက်သစ် အကောင်အထည်ဖော်ရန်အတွက် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်မှ မြို့ကွက်သစ်စီမံကိန်း အပိုင်း(ဈ) မြေယာကွက်သစ်ဖော်ဆောင်နေသည့် မြေနေရာမှာ အစိုးရစီမံခန့်ခွဲခွင့်ရှိသည့် မြေဖြစ်သဖြင့် ကျူးကျော် နေထိုင်သူများ ဖယ်ရှားရမည်ဖြစ်ပြီး မြေယာကွက် ဖော်ဆောင်မှု ဆက်လက် လုပ်ကိုင်မည်ဖြစ်ကြောင်း စက်တင်ဘာလ (၂၅)ရက်နေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ထပ်မံ ပြောကြားထားခြင်းဖြစ်သည်။