တာချီလိတ်မြို့ အာခါဈေးလမ်းကြားရှိ နေအိမ်အခန်းငှားတွင် အမျိုးသားတစ်ဦးထံက စိတ်ကြွဆေးများ ဖမ်းမိ

တာချီလိတ်မြို့ အာခါဈေးလမ်းကြားရှိ နေအိမ်အခန်းငှားတွင် အမျိုးသားတစ်ဦးထံက စိတ်ကြွဆေးများ ဖမ်းမိ
စက်တင်ဘာ 5, 2017
By Tachileik News Agency


တာချီလိတ်မြို့ ၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်းကြားရှိ နေအိမ် အခန်းငှားတစ်ခုတွင် မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာမှ အမျိုးသားတစ်ဦးထံက စိတ်ကြွဆေးပြားများနှင့်အတူ စိတ်ကြွဆေးပြား ရှူရာတွင် အသုံးပြုသည့်ပစ္စည်းများအား ရှာဖွေသိမ်းဆည်းရမိကြောင်း နှင့် မူးယစ်ဆေး ရောင်းချပေးသူဟု ယူဆရသူကိုလည်း ဖမ်းဆီးရမိထားကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည့် ၂၀၁၇ခုနှစ် စက်တင်ဘာလ(၅)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်းကြားရှိ နေအိမ်အခန်းငှားတစ်ခုတွင် မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာမှ သတင်း ရရှိထားသည့် ကိုသက်(ခ)မြဝင်းအား အိပ်ခန်းအတွင်း အသင့်တွေ့ရပြီး ၎င်း၏ ဝဲဘက် လက်အတွင်းမှ အဖြူရောင်ကော်ဘူးဖြင့် ထည့်ထားသည့် Wy စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၅၄)ပြားအားလည်းကောင်း၊ ၎င်းအိပ်သည့် အိပ်ယာခေါင်းရင်း ကြမ်းပြင်ပေါ်မှ အအေးစုပ်ပိုက်ဖြင့်ထည့်လျက် အလေးချိန် (ဝ.၆)ဂရမ်ခန့်ရှိသည့် ဘိန်းဖြူမှုန့်အားလည်းကောင်း၊ စိတ်ကြွဆေးရှူရာတွင် အသုံးပြုသည့် ပိုက်တပ်လျက် အဖြူရောင် ကော်ဘူး(၂)ဘူး နှင့် Nokia အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်း (၁)လုံးတို့အား လည်းကောင်း ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါ ပူးပေါင်းအဖွဲ့က ကိုသက်အား စစ်ဆေးမေးမြန်းရာမှ ၎င်းထံက သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများသည် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိတ်ပါကော်ကျေးရွာတွင် နေထိုင်သူ ယားပါထံက ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည့်အတွက် ဆက်လက်စုံစမ်းဖော်ထုတ်ရာ ကွင်းဆက်တရားခံ ယားပါ အား သစ်လွင်မိုးဆီပန့်အနီးရှိ ကားလမ်းမပေါ်တွင် တွေ့ရှိကာ ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့် ၎င်းထံက Nokia အမျိုးအစား လက်ကိုင်ဖုန်း (၁)လုံး နှင့် Honda Wave-110 အမျိုးအစား နီ/နက်ရောင် ဆိုင်ကယ်(၁)စီးတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ ကိုသက်(ခ)မြဝင်း နှင့် ဆေးဝါးရောင်းချပေးသူဟု သိရှိရသူ ယားပါ တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၅၂/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။