ကျိုင်းတုံတွင် ချင်းမိုင်ခရိုင် နှင့် ကျိုင်းတုံခရိုင် ဒေသထွက်ကုန်များ ကုန်စည်ပြပွဲနှင့် ချစ်ကြည်ရေးဈေးရောင်းပွဲတော်အား ဒုတိယအကြိမ်အဖြစ် ထပ်မံပြုလုပ်

ကျိုင်းတုံတွင် ချင်းမိုင်ခရိုင် နှင့် ကျိုင်းတုံခရိုင် ဒေသထွက်ကုန်များ ကုန်စည်ပြပွဲနှင့် ချစ်ကြည်ရေးဈေးရောင်းပွဲတော်အား ဒုတိယအကြိမ်အဖြစ် ထပ်မံပြုလုပ်
ဇူလိုင် 11, 2017
By Tachileik News Agency

မြန်မာ - ထိုင်း နှစ်နိုင်ငံပူးပေါင်း၍ ချင်းမိုင် နှင့် ကျိုင်းတုံတို့မှ ဒေသထွက်ကုန်ပစ္စည်းပြပွဲ နှင့် ချစ်ကြည်ရေး ဈေးရောင်းပွဲတော်အား ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမတွင် ဒုတိယအကြိမ်အဖြစ် ဇူလိုင်လ(၁၁)ရက်နေ့မှ (၁၃)ရက်နေ့အထိ ဈေးဆိုင်ခန်းပေါင်း (၆၄)ခန်းဖွင့်လှစ်၍ စတင်ရောင်းချနေသည်ဖြစ်ရာ ဖွင့်ပွဲအား ဇူလိုင်လ(၁၁)ရက်နေ့ ညနေ(၅)နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

"ကျိုင်းတုံခရိုင်နဲ့  ချင်းရိုင်းခရိုင်တို့ ဟာ ညီအမမြို့တော်အဖြစ် လွန်ခဲ့တဲ့(၂၀၁၄)က လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်တဲ့အတွက် ကျိုင်းတုံကို ဦးစားပေးပြီးတော့ ချင်းမိုင်ခရိုင် ဒေသဖွံ့ ဖြိုးရေး ဌာနရဲ့ ရည်ရွယ်ချက်အတိုင်း ကျွန်တော်တို့ရဲ့ ဒေသထွက်ကုန်တွေကို ထိုင်းနိုင်ငံတွင်း အပြင် နိုင်ငံခြားနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြန့်ဖြူးနိုင်ဖို့ အတွက် အခုလို ဒေသထွက်ကုန် ဈေးပွဲတော်ကို လာရောက် ကျင်းပရခြင်းဖြစ်ပါတယ်"ဟု ချင်းမိုင်ခရိုင် ဒေသဖွံ့ ဖြိုးရေးဌာန ညွှန်ကြားရေးမှူး အာဖီဝပ်ထီလာဝပ်က ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည်။

အဆိုပါ ဈေးပွဲတော်တွင် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်မှ စားသောက်ကုန် ရောင်းချသည့် ဆိုင်ခန်းပေါင်း (၁၃)ဆိုင်၊ အ၀တ်အထည် အရောင်းဆိုင် (၂၇)ဆိုင်၊ အိမ်တွင်း အလှဆင်သည့်ပစ္စည်းအရောင်းဆိုင် (၁၀)ဆိုင်၊ ဆေးဝါးများရောင်းချသည့် ဆိုင်ခန်းပေါင်း (၃)ဆိုင်နှင့် ကျိုင်းတုံမြို့မှ ဆိုင်ခန်းပေါင်း (၁၀)ဆိုင် စုစုပေါင်းဆိုင်ခန်း(၆၄)ခန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

ဈေးပွဲတော်တွင် လာရောက်ရောင်းချသည့် ချင်းမိုင်ခရိုင်မှ ဒေသ ထွက်ကုန်စည်များကို ကျိုင်းတုံမြို့မှ ကုန်သည်များအနေဖြင့် မှာယူရောင်းချလိုပါက နှစ်နိုင်ငံ ကုန်သည်များ တိုက်ရိုက်ဆက်သွယ်၍ တင်သွင်းနိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ ချင်းမိုင်ခရိုင်မှ  ဒေသထွက်ကုန်စည်ပြပွဲနှင့် ချစ်ကြည်ရေးဈေးပွဲတော်အား ကျိုင်းတုံမြို့တွင် ဇူလိုင်လ(၈)ရက်နေ့ ကလည်း (၃)ရက်ကြာ ကျင်းပခဲ့သဖြင့် ယခုအကြိမ်မှာ ဇူလိုင်လအတွင်း ဒုတိယမြောက် ဈေးရောင်းပွဲဖြစ်သည်။

"ကျွန်တော်တို့ဆီကို သူတို့ နိုင်ငံက SMEတွေက အခုလို ဈေးရောင်းပွဲတွေ လာလုပ်တာကို ကြိုဆိုပါတယ်။ အဲလိုပဲ ကျွန်တော်တို့  နိုင်ငံက SMEတွေ အနေနဲ့ လည်း  ကျွန်တော်တို့ ဆီမှာရှိတဲ့ ဒေသထွက်ကုန်တွေကို သူတို့ ဆီသွားပြီးတော့ ခင်းကျင်းပြသပြီးတော့ ရောင်းချနိုင်အောင် တာဝန်ရှိသူတွေ အနေနဲ့  ကြိုးစားသင့်ပါတယ်"ဟု အဆိုပါ ဈေးပွဲတော်သို့ လာရောက်လည်ပတ်သူ တစ်ဦးဖြစ်သည့် ကျိုင်းတုံမြို့မှ ဦးကျော်ဝင်းက ပြောသည်။

အဆိုပါ အခမ်းအနားသို့  ချင်းမိုင်ခရိုင် ဒေသဖွံ့ ဖြိုးရေးဌာန ညွှန်ကြားရေးမှူး အာဖီဝပ်ထီလာဝပ်နှင့် ကျိုင်းတုံခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်လွင် ၊ နှစ်နိုင်ငံမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကုန်သည်များ တက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - #ဇွဲမြတ်


~~~~~~~~⊰❂ unicode ~~~~~~~~








သတင်း/ဓာတ်ပုံ - #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~