တောင်ကြီးမြို့၏ ဗိုလ်ချုပ်လမ်းချဲ့ရန် စိန်ပန်းပင်များ ခုတ်သဖြင့် အရပ်ဖက်အဖွဲ့စည်းများ ကန့်ကွက်

တောင်ကြီးမြို့၏ ဗိုလ်ချုပ်လမ်းချဲ့ရန် စိန်ပန်းပင်များ ခုတ်သဖြင့် အရပ်ဖက်အဖွဲ့စည်းများ ကန့်ကွက်
ဇူလိုင် 5, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၏ အဓိက လမ်းမဖြစ်သည့် ဗိုလ်ချုပ်လမ်းမအား လမ်းချဲ့ရန် လမ်းဦးစီးဌာနက စိန်ပန်းပင်များ ရှင်းလင်းခြင်းနှင့် ပတ်သက်၍ တောင်ကြီးမြို့ရှိ အရပ်ဖက် လူမှုအဖွဲ့အစည်းများက ပြည်နယ်အစိုးရအား ကန့်ကွက် ပြောဆိုလိုက်ကြသည်။

“အဖွဲ့တွေစုပြီးတော့ ပြည်နယ်အစိုးရဆီကို သဘာဝပတ်ဝန်းကျင်အတွက် သစ်ပင်တွေ ထပ်မခုတ်အောင် ကန့်ကွက်စာ တင်ပြသွားမှာပါ။ သစ်ပင်တွေ ထပ်မခုတ်ဖို့ပါ။ အခုဆိုရင် မလိုအပ်ဘဲနဲ့ သစ်ပင်တွေ ခုတ်နေတာများနေပြီ။ မဆင်မခြင်ဘဲ ခုတ်ပစ်တာတွေပါ။ ကျွန်တော်တို့အဖွဲ့တစ်ခုတည်း မဟုတ်ပါဘူး။ ချယ်ရီပုံရိပ်ကအဖွဲ့တွေရော တခြား ဓာတ်ပုံဆရာတွေလည်း ပါမှာပါ။ စီအက်အိုအဖွဲ့အစည်းတွေတော့ များများ ပါမှာပါ။ ပြည်နယ်အစိုးရကို တင်ပြမယ့် အကြောင်းအရာတွေက နောက်ထပ် ဆောက်လုပ်ရေး လုပ်ငန်းတွေ ချထားပေးမယ်ဆိုရင် သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်စေတာတွေ ထပ်မလုပ်ဖို့ တင်ပြသွားမှာပါ” ဟု ရှစ်လေးလုံးရှမ်းပြည်အဖွဲ့မှ ဦးတင်မောင်တိုးက ပြောသည်။

တောင်ကြီးမြို့တွင် လမ်းများအား ကတ္တရာအေစီလမ်းခင်းရန် သတ်မှတ်အတိုင်းအတာအတိုင်း လမ်းချဲ့ထွင် ရှင်းလင်းခြင်းကို လုပ်ဆောင်နေခြင်းဖြစ်ရာ ဗိုလ်ချုပ်လမ်းဘေးမှ စိန်ပန်းပြာပင် (၂၀)ကျော်ကို ဇူလိုင်လ (၁)ရက်နေ့က ခုတ်ထွင် ရှင်းလင်းလိုက်ခြင်းဖြစ်သည်။

“သစ်ပင်တွေ မလိုအပ်ဘဲ ခုတ်တာတွေကို မဖြစ်စေချင်ဘူး။ စိန်ပန်းပင်တွေဆိုတာက တောင်ကြီးမြို့ အတွက် တကယ့်အမှတ်အသား တစ်ခုပါ။ သစ်ပင်တွေ ထပ်မခုတ်သွားဖို့ကို ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာ ဌာနတွေဆီမှာ နောက်ထပ် ထပ်မလုပ်ဖို့ ထပ်ခုတ်မယ်ဆိုရင်တောင် ပြည်သူတွေရဲ့ သဘောတူညီမှုကို ရယူဖို့ ဒါတွေကို တင်ပြသွားမယ်”ဟု ချယ်ရီပုံရိပ်အဖွဲ့ ဦးဆောင်သူ ဒေါ်ချိုမြဦးက ပြောသည်။

သစ်ပင်များ ခုတ်ထွင်ခြင်းအား ရှမ်းပြည်မျိုးဆက် အင်အားစု၊ ရှမ်းပြည်နယ်နိင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၊ ရှစ်လေးလုံးရှမ်းပြည်နှင့် ချယ်ရီပုံရိပ်အဖွဲ့တို့က ကန့်ကွက် နေကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို


~~~~~~~~⊰❂ unicode ~~~~~~~~







 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~